CarsDB

BYD က ၅ မိနစ်အားသွင်းရုံဖြင့် ၇၀ ရာခိုင်နှုန်းရနိုင်သော Atto 8 ကို ဥရောပဈေးကွက်တွင် ရောင်းချပေးရန် စီစဉ်လာ

BYD Atto 8 သည် ၁၀ မှ ၇၀ ရာခိုင်နှုန်းအထိ အားသွင်းကြာချိန် ၅ မိနစ်သာ ကြာမြင့်ပြီး ၉၇ ရာခိုင်နှုန်းရရန်မှာ ၁၀ မိနစ်သာ ကြာမြင့်သည်။

အားတစ်ကြိမ်သွင်းထားလျှင် မောင်းနှင်နိုင်သည့် ခရီးအကွာအဝေး (Range) ထက် အားသွင်းကြာချိန်ကို အဓိက အလေးထားကြသည်။

ဘက်ထရီကို ၅ မိနစ်အတွင်း အားသွင်းနိုင်မည်ဆိုလျှင် range မိုင် ၂၅၀ သို့မဟုတ် မိုင် ၄၀၀ မည်မျှရှိသည်ကို မည်သူမှ ဂရုထားတော့မည် မဟုတ်ချေ။

BYD သည် မကြာသေးမီက ကျင်းပခဲ့သော ၂၀၂၆ ပဲရစ် ကားပြပွဲ (2026 Paris Motor Show) တွင် အလွန်မြန်ဆန်စွာ အားသွင်းနိုင်သည့် Atto 8 SUV ကို ပထမဆုံး ပွဲဦးထွက် မိတ်ဆက်ပြသခဲ့ကာ ဥရောပသားတို့၏ စိတ်နှလုံးကို သိမ်းပိုက်နိုင်ရန် ကြိုးပမ်းနေပြီ ဖြစ်သည်။

Atto 8 တွင် BYD ၏ ဒုတိယမျိုးဆက် 115 kWh Blade ဘက်ထရီကို အသုံးပြုထားသည်။

အားတစ်ကြိမ်သွင်းထားလျှင် ၄၀၅ မိုင် မောင်းနိုင်သည်ဟုဆိုရာ seven-seat SUV တစ်စင်းအတွက် အထင်ကြီးလောက်စရာ ဖြစ်သည်။

ထို့ထက်ပို၍ အထင်ကြီးဖွယ်ကောင်းသည်မှာ အားသွင်းကြာချိန် ဖြစ်သည်။

Atto 8 ကို ၁၀ မှ ၇၀ ရာခိုင်နှုန်းရရန် ၅ မိနစ်သာ ကြာမြင့်ကြောင်း BYD က ပြောသည်။

နောက်ထပ် ၄ မိနစ် ဆက်လက် အားသွင်းပါက ၉၇ ရာခိုင်နှုန်းထိ ရရှိမည်ဖြစ်သည်။

အနှုတ် ၂၂ ဒီဂရီ ဖာရင်ဟိုက်အထိ အေးစက်လှသော ရာသီဥတုအခြေအနေမျိုးတွင်မှ ၁၂ မိနစ်ခန့် ကြာမြင့်သည်။

ထိုမြန်နှုန်းမှာ ဥရောပဈေးကွက်ရှိ တရုတ်ပြည်ထုတ်မဟုတ်သည့် မည်သည့်ကားထက်မဆို သာလွန်သည့် စွမ်းဆောင်ရည် ဖြစ်သည်။

(BYD-Atto-8 ။ ဓာတ်ပုံ Yahoo)

Atto 8 သည် ဥရောပဈေးကွက်အတွက်ဆိုလျှင် BYD ၏ Flash charging နည်းပညာအသုံးပြုထားသည့် ပထမဆုံး BYD EV ဖြစ်သည်။

BYD ထုတ် Denza Z9GT တွင်လည်း အဆိုပါနည်းပညာကို သုံးထားသည်။

သို့အတွက် အချက်အလက်အမှန်အတိုင်းဆိုလျှင် Denza မှာ ပထမဆုံးဖြစ်သည်။ သို့သော် BYD အမှတ်တံဆိပ် အမည်ယူထားသော မော်ဒယ်များတွင်မူ Atto 8 မှာ Flash charging သုံးသည့် ပထမဆုံး မော်ဒယ်ဖြစ်သည်။

သို့သော် ထိုအားသွင်းမြန်နှုန်း ရရန်အတွက် သင့်လျော်မှန်ကန်သော အားသွင်းစက်အမျိုးအစား ဖြစ်ရန်လိုသည်။

BYD သည် ၂၀၂၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ ဥရောပတစ်ဝှမ်းတွင် T ပုံသဏ္ဍာန် BYD Flash အားသွင်းစက်ပေါင်း ၃,၀၀၀ ကို တပ်ဆင်သွားရန် ရည်မှန်းထားသည်။

ယခုကဲ့သို့ မြန်ဆန်သည့် အားသွင်းစနစ်ကို လူတိုင်း ချက်ချင်းလက်ငင်း အသုံးပြုနိုင်ဦးမည်မဟုတ်သော်လည်း နောင်အခါတွင် ပိုမိုတွင်ကျယ်လာတော့မည် ဖြစ်သည်။

(BYD-Atto-8။ ဓာတ်ပုံ Yahoo)

အမေရိကန်ပြည်တွင် ယခုကဲ့သို့ ကားအမျိုးအစားများ လူကြိုက်များသည်။ ဥရောပတွင်မူ 3 row ပါဝင်သည့် ကြီးမားသော Atto 8 ကားကြီးမျိုးကို မည်မျှ နှစ်ခြိုက်မှု ရှိ၊ မရှိ မသိနိုင်သေးချေ။

သို့သော် အကြီးစား SUV များကို သဘောကျသော ဥရောပသားတို့အတွက်မူ Atto 8 ၏ Specs များကို အထူးသဘောကျဖွယ်ရှိသည်။

Entry level နောက်ယက် ဗားရှင်းတွင် မိုင် ၄၀၅ အထိ မောင်းနှင်နိုင်စွမ်းရှိသည်။

မော်တာ ၂ လုံးပါဝင်သည့် Excellence AWD ဗားရှင်းမှာမူ ခန့်မှန်းခြေ ၃၇၄ မိုင်ခန့် မောင်းနိုင်သည်။ Excellence AWD ဗားရှင်းသည် အထွက်အား 764 hp ရှိပြီး အမြန်နှုန်းတင်နိုင်စွမ်းမှာ တစ်နာရီ မိုင် ၆၂ နှုန်းကို ၄ ဒသမ စက္ကန့်အတွင်း ရနိုင်သည်။

အတွင်းခန်းမှာ အနည်းငယ် ရိုးစင်းပုံပေါ်သော်လည်း မိသားစုအတွက် လုံလောက်ရုံသာမက ပိုလျှံသည့် နေရာနှင့် luxury ကျမှုကိုပါ ပေးစွမ်းနိုင်မည် ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: BYD's New 3-Row SUV Brings 5-Minute Flash Charging To European Families (autos)

မူရင်းသတင်း — CarsDB