CarsDB

ထီပေါက်တာကို ဖုံးကွယ်ပြီး ခင်ပွန်းကို ကွာရှင်းခဲ့တဲ့ အမျိုးသမီး တရားရုံးအမိန့်ကြောင့် ထီဆုငွေတွေ လက်လွှတ်ရ

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ဖြစ်ပွားခဲ့သော ထူးခြားသည့် တရားရင်ဆိုင်မှုတစ်ခု၌ အိမ်ထောင်သက် (၂၅)နှစ်ကြာ ပေါင်းသင်းခဲ့ပြီးနောက် ခင်ပွန်းဖြစ်သူကို အသိမပေးဘဲ လျှို့ဝှက်ကာ ကွာရှင်းပြတ်စဲခဲ့သည့် အမျိုးသမီးတစ်ဦးသည် ၎င်းကံထူးခဲ့သော ထီဆုငွေအားလုံးကို ခင်ပွန်းဟောင်းဖြစ်သူအား ပေးလျော်ရရန် တရားရုံးက အမိန့်ချမှတ်လိုက်သည်။

ဒင်းနစ် ရိုစီ (Denise Rossi) အမည်ရှိ အမျိုးသမီးသည် ခင်ပွန်းဖြစ်သူ သောမတ်စ် ရိုစီ (Thomas Rossi) နှင့် တရားရုံးတွင် ကွာရှင်းခွင့် မလျှောက်ထားမီ (၁၁) ရက်အလိုက လုပ်ဖော်ကိုင်ဖက်များနှင့် စပ်တူ ထီထိုးခဲ့ရာမှ ဒေါ်လာ ၁ဒသမ ၃ သန်း ကံထူးခဲ့ခြင်းဖြစ်သည်။ ထိုစဥ်က ပေါက်ခဲ့သော ဆုငွေမှာ ယခုခေတ်ကာလ ငွေတန်ဖိုးအရ ဒေါ်လာ (၃.၁) သန်းခန့် ရှိသည်။

သို့သော် ဒင်းနစ်မှာ ၄င်း၏ ထီပေါက်သည့်ကိစ္စကို ခင်ပွန်းဖြစ်သူအား လုံးဝလျှို့ဝှက်ထားခဲ့ပြီး ကွာရှင်းပြီး (၂) နှစ်အကြာမှသာ သောမတ်စ်အနေဖြင့် အဆိုပါအကြောင်းကို တိုက်ဆိုင်စွာ သိရှိခဲ့ရသည်။

(ဒင်းနစ်၏ ခင်ပွန်းဟောင်း သောမတ်က တရားရုံးတွင် တိုင်တန်းခဲ့သည်။)

ထီဆုငွေများကို နှစ်ရှည်အရစ်ကျအစား တစ်လုံးတည်း ထုတ်ယူလိုသူများကို ကူညီပေးသည့် ကုမ္ပဏီတစ်ခုမှ ဒင်းနစ်ထံ စာပေးပို့ခဲ့ရာမှတစ်ဆင့် ၄င်းတို့၏ လှည့်ကွက်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

(ဒင်းနစ်မှာ ခင်ပွန်းဟောင်းသောမတ်စ်ကို ဆုငွေအားလုံးပေးရန် အမိန့်ချမှတ်ခြင်း ခံခဲ့ရသည်။)

ထို့ကြောင့် သောမတ်စ်က ဇနီးဟောင်းဖြစ်သူကို တရားစွဲဆိုခဲ့ရာ တရားသူကြီးက ဒင်းနစ်သည် ကွာရှင်းစဥ်က ပိုင်ဆိုင်မှုအချက်အလက်များကို ရိုးသားစွာ မဖော်ပြဘဲ လိမ်လည်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး၎င်းကံထူးခဲ့သော ထီဆုငွေ အပြည့်အစုံဖြစ်သည့် တစ်နှစ်လျှင် ဒေါ်လာ (၆၆,၈၀၀) နှုန်းဖြင့် အကြိမ် (၂၀) (စုစုပေါင်း ထီပေါက်ငွေ အပြည့်အစုံ) ကို ခင်ပွန်းဟောင်း သောမတ်စ်အား ပေးအပ်ရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

မူရင်းသတင်း — CarsDB