CarsDB

တက္ကစီတွေ ခရီးသည်စောင့်နေတုန်း မြေအောက်အားသွင်းစနစ်နဲ့ ကြိုးမဲ့ချိတ်ဆက်ပြီး အားသွင်းနိုင်မယ့် နည်းပညာ ဆွီဒင်မှာ အသုံးပြုနေ

ဆွီဒင်တွင် တက္ကစီများ ခရီးသည်စောင့်ဆိုင်းနေစဉ် ကားပါကင်အောက်ဘက် charging pad ဖြင့် ကြိုးမဲ့ချိတ်ဆက်ကာ အားသွင်းနေနိုင်မည့် နည်းပညာကို Volvo ကုမ္ပဏီက အသုံးပြုနေပြီ ဖြစ်သည်။

ကြိုးမဲ့ ဖုန်းအားသွင်းစနစ် အကြီးစားတခုသဖွယ် အလုပ်လုပ်ခြင်းဖြစ်သည်။

လျှပ်စစ်ကားများ (EV များ) ခေတ်စားလာနေသော်လည်း အများစုအတွက် ကားအားသွင်းရေး ကိစ္စက ယနေ့တိုင် ထည့်သွင်းစဉ်းစားရမည့် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေသည်။
ဆွီဒင်နိုင်ငံ၊ ဂေါ့တင်ဘာ့ဂ် (Gothenburg) မြို့တွင် စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

ထိုမြို့တွင် EV တက္ကစီအစင်း ၂၀ ဖြင့် စတင်ကာ သုံးနှစ်တာ ရှေ့ပြေးစီမံကိန်းအဖြစ် ကြိုးမဲ့အားသွင်းနည်းပညာကို စမ်းသပ်ခဲ့သည်။

Volvo Cars ကားများ ထောက်ပံ့ပေးခဲ့ပြီး အမေရိကန်ကုမ္ပဏီ Induct EV က inductive ကြိုးမဲ့အားသွင်း နည်းပညာကို ထောက်ပံ့ပေးခဲ့ကာ ဂေါ့တင်ဘာ့ဂ်မြို့ အုပ်ချုပ်ရေးအဖွဲ့က အခြေခံအဆောက်အအုံများ စီစဉ်ပေးခဲ့သည်။

သုံးနှစ်တာ ကာလအတွင်း Volvo XC40 အစင်း ၂၀ ကို တက္ကစီအဖြစ် အသုံးပြုခဲ့ပြီး ကီလိုမီတာ ၄ ဒသမ ၃ သန်းကျော် မောင်းနှင်ခဲ့ပြီးဖြစ်ကြောင်း ဂေါ့တင်ဘာ့မြို့၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အေဂျင်စီ Business Region Göteborg ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

((ဒီနည်းပညာက ဘယ်လိုအလုပ်လုပ်တာလဲ))

InductEV ကုမ္ပဏီက တီထွင်သော ကြိုးမဲ့အားသွင်းနည်းပညာကို Volvo Cars မှ ထောက်ပံ့ပေးသည့် စမ်းသပ်ကားများတွင် တပ်ဆင်ခဲ့သည်။

Volvo XC40 တက္ကစီ၏ ၃၆၀ ဒီဂရီ ကင်မရာမှတဆင့် ယာဉ်မောင်းများအနေဖြင့် မြေပြင်ပေါ်ရှိ အပြာရောင်လေးထောင့်ကွက်နေရာ receiver ကို မြင်တွေ့နိုင်ပြီး အားသွင်းရန်အတွက် ကားကို ထိုနေရာ တည့်တည့်တွင် ရပ်တန့်ရမည် ဖြစ်သည်။

ကနဦးတွင် ကားကို ထိုနေရာ တည့်တည့်တွင်ရပ်နိုင်ရန် အနည်းငယ် ခက်ခဲမည်ဖြစ်သော်လည်း နောက်ပိုင်းတွင် ကျွမ်းကျင်သွားမည် ဖြစ်သည်။

ယခု နည်းပညာသည် ဧရာမ ကြိုးမဲ့ ဖုန်းအားသွင်းစက်ကြီးတစ်ခုသဖွယ် ဖြစ်သည်။

မြေအောက်အားသွင်းစက်များကို မီတာ ၂၀ ခန့် အကွာတွင်ရှိသော အားသွင်းစခန်းတစ်ခုနှင့် ချိတ်ဆက်ထားသည်။

တက္ကစီ၏ ဝမ်းဗိုက်တွင် တပ်ဆင်ထားသော လက်ခံကိရိယာ (receiver) ထံသို့ စွမ်းအင်များကို လွှင့်ထုတ်ပေးသည်။

"မြေပြင်အောက်မှာ ရှိနေတာက ကွိုင် (coil) တစ်ခုပါ။ ကြိုးမဲ့ inductive စွမ်းအင်တွေကို ကားရဲ့ လက်ခံကိရိယာဆီ လွှင့်ထုတ်ပေးတာ ဖြစ်ပါတယ်။ ကားအောက်ခြေမှာလည်း အလားတူ pad တစ်ခု ရှိပါတယ်။ အဲဒါက စွမ်းအင်ကို လက်ခံရယူပြီး ယာဉ်ရဲ့ဘက်ထရီဆီ ဝါယာတွေကတဆင့် ပို့ဆောင်ပေးပါတယ်"

ဥရောပ သမဂ္ဂ (EU) အဖွဲ့ဝင်နိုင်ငံများတွင် ၂၀၃၅ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး အိမ်စီးကားသစ်များနှင့် Van များအားလုံးကို ကာဗွန်ထုတ်လွှတ်မှု လုံးဝမရှိသော (zero-emission) ကားများ ဖြစ်ရမည်ဟု ပြဌာန်းထားပြီ ဖြစ်သည်။

(CarsDB Team မှ ရေးသား ဖော်ပြသည်။)

Credit: CarsDB.com

Ref: Volvo trialled wireless charging stations for EV taxis in Sweden – here’s how it went ( euronews)

မူရင်းသတင်း — CarsDB