
ChatGPT ၏ မိခင်ကုမ္ပဏီ OpenAI ၏ စီအီးအို Sam Altman သည် Tesla Roadster မှာယူထားပြီး ၇ နှစ်ကျော် စောင့်ဆိုင်းနေရသဖြင့် စိတ်မရှည်နိုင်ဖြစ်ကာ ကြိုတင်ပေးသွင်းထားငွေ ဒေါ်လာ ၅၀၀၀၀ ကို ပြန်လည်တောင်းခံခဲ့သည်။
Sam Altman က Tesla Roadster ထွက်ရှိရန် အချိန်ကြာမြင့်နေမှုအပေါ် စိတ်ပျက်မိကြောင်းကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလတွင် လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။
ယခုအခါတွင် Elon Musk က Roadster ကို သတင်းမီဒီယာတို့ရှေ့တွင် ချပြလာရာ လေထဲလူးလိမ့် ဂျွမ်းထိုးကာ ခေတ္တပျံဝဲပြခဲ့ပုံမှာ ကမ္ဘာ့သတင်းမီဒီယာတို့အကြား ဂယက်ထသွားခဲ့သည်။
Sam Altman သည် လျှပ်စစ်ပြိုင်ကား Roadster ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လအတွင်း ဒေါ်လာ ၄၅၀၀၀ စရံငွေ ပေးသွင်းကာ pre-order မှာယူခဲ့ခြင်းဖြစ်သည်။

(ဓာတ်ပုံ Wikicommons)
၂၀၂၅ ခုနှစ်၊ အောက်တိုဘာလသို့ ရောက်သောအခါ Altman သည် သည်းမခံနိုင်တော့ဘဲ pre-order မှာယူခဲ့ပုံနှင့် ငွေပြန်အမ်းပေးရန် Tesla သို့ ပေးပို့ခဲ့သည့် email တို့၏ screenshot ပုံများကို X လူမှုကွန်ရက်တွင် ပို့စ်တင်ခဲ့သည်။
သို့သော် သူဆက်သွယ်သည့် email လိပ်စာမှာ ဆက်သွယ်၍ မရနိုင်သည့် email ဖြစ်နေသည်။
“ကျွန်တော် အဲဒီကားကို တကယ်ရင်ခုန်ခဲ့မိတာပါ။ နှောင့်နှေးကြန့်ကြာမှုတွေအပေါ် နားလည်သဘောပေါက် ပါတယ်။ ဒါပေမယ့် ၇ နှစ်ခွဲဆိုတာကြီးက ကြာလွန်းပါတယ်” ဟု Altman က လူမှုကွန်ရက်တွင် ရေးသားခဲ့ သည်။
Roadster ကြိုတင်မှာယူမှုအတွက် ပေးသွင်းခဲ့ရပုံမှာ ကနဦးပေးသွင်းငွေ ဒေါ်လာ ၅၀၀၀ နှင့် deposit အဖြစ် ဒေါ်လာ ၄၅၀၀၀ ပေးသွင်းခဲ့ရခြင်းဖြစ်သည်။
Musk က OpenAI နှင့် ပတ်သက်၍ သရော်လှောင်ပြောင်ခဲ့သော်လည်း Altman ထံ ၂၄ နာရီအတွင်း ငွေပြန်လွှဲပေးခဲ့သည်ဟု နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင်မူ Tesla သည် တက္ကဆပ်ပြည်နယ်၌ ပြုလုပ်သော ပွဲတစ်ခုတွင် ကာလတာရှည် ကြန့်ကြာနေခဲ့သည့် Tesla Roadster ကို ကမ္ဘာသို့ ချပြလာခဲ့သည်။
Tesla Roadster သည် ဒုံးပျံတွန်းအားပေးစနစ်များ၊ လေထဲသို့ ခေတ္တ ခုန်တက်ပျံသန်းနိုင်ခြင်းနှင့် အမြန်နှုန်း တင်နိုင်စွမ်းမှာ တစ်နာရီ မိုင် ၆၀ နှုန်း ရရန် ၁ စက္ကန့်အောက်သာ ကြာခြင်း အစရှိသည့် မယုံနိုင်ဖွယ် စွမ်းဆောင်ရည်များကို ပြသခဲ့သည်။
Roadster မိတ်ဆက်ပွဲမှာ Altman ၏ အာရုံကို ဖမ်းစားနိုင်ခဲ့ပြီး “အိုး...အသစ်ထွက်တဲ့ Roadster က အတော် အံ့ဩဖို့ ကောင်းလွန်းတယ်၊ တော်ပါတယ် Elon Musk” ဟု X (Twitter) တွင် အောက်တိုဘာ ၁၆ ရက်က ရေးသားခဲ့သည်။
လူမှုကွန်ရက်သုံးစွဲသူတစ်ဦး (@alx) က Altman ၏ ပို့စ်တွင် “အရင်က Roadster မှာယူထားတာကို ပြန်ဖျက်လိုက်ဖူးတယ်မလား” ဟု မှတ်ချက်ပြု မေးမြန်းခဲ့ရာ Elon Musk က Altman ၏ ပို့စ်အောက်သို့ ရောက်လာကာ “ဟုတ်ပါတယ်” ဟု reply ပြန် ဖြေကြားခဲ့သည်။
Altman ၏ လူမှုကွန်ရက် ရေးသားမှုအရ သူ၏ pre-order မှာယူမှု ဖျက်သိမ်းခဲ့ခြင်းကို ပြန်လည်ပြောင်းလဲလိုစိတ် ပေါ်ပေါက်နေဟန်ရှိသည်။
သို့သော် Roadster ကို အသစ်တဖန် ပြန်လည်မှာယူမည် (သို့မဟုတ်) ယခင်မှာယူခဲ့မှုကို ပြန်လည်အတည်ပြုမည်ဟူသော အချက်များနှင့် စပ်လျဉ်း၍မူ Altman က တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသေးချေ။
Altman နှင့် Elon Musk တို့သည် ChatGPT ၏ မိခင်ကုမ္ပဏီ OpenAI ကို ၂၀၁၅ ခုနှစ်တွင် အတူတကွ ပူးပေါင်း တည်ထောင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးကြား ဆက်ဆံရေး မပြေလည်သောကြောင့် Musk က ၎င်း၏ ကိုယ်ပိုင် AI ကုမ္ပဏီဖြစ်သော xAI ကို တည်ထောင်လိုက်ရာ AI နယ်တွင် တိုက်ရိုက်ပြိုင်ဘက်များ ဖြစ်လာခဲ့သည်။

(ဓာတ်ပုံ Wikicommons)

(ဓာတ်ပုံ Wikicommons)
(CarsDB Team မှ ရေးသား ဖော်ပြသည်။)
Credit: CarsDB.com
Ref: OpenAI CEO Sam Altman responds to Tesla Roadster reveal a year after seeking refund for his $50,000 deposit (supercarblondie)