NP News

မူးယစ်ဆေးဖြတ်ပြီးသူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး အိန္ဒိယအကူအညီဖြင့် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်အောင်မြင်ခဲ့

စိမ့်စမ်းရေ (NP News) - အောက်တိုဘာ ၃၁

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ပြန်လည်ဝင်ဆံ့နိုင်ရေးအတွက် အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ခြင်းနှင့် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးသည့် အသက်မွေးဝမ်းကျောင်းသင်တန်းများကို အိန္ဒိယအကူအညီဖြင့် အောင်မြင်စွာပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ရပ်ဖြစ်ပြီး ဒေသခံများ၏ လိုအပ်ချက်နှင့်အညီ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကိုအထောက်အကူပြုရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ စီမံကိန်းမှတစ်ဆင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများ၌ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းပညာသင်တန်းများအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အကူအညီများသည် မူးယစ်ဆေးဖြတ်ပြီးသူများ၏ လက်တွေ့ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များ မြှင့်တင်ပေးနိုင်မည့်အပြင် ကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းများ ရရှိစေရန်လည်း အထောက်အကူပြုမည်ဟု မျှော်မှန်းကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကိုကိုလွင်က ဆိုသည်။

မူရင်းသတင်း — NP News