
ပုလဲ (NP News) - နိုဝင်ဘာ ၂
ထိန်ပင်နှင့် ထားဝယ်ချောင် အမှိုက်ပုံတို့မှ လျှပ်စစ်ဓာတ်အားနှင့်ဓာတ်ငွေ့ထုတ်ယူရန် ပြင်ဆင်နေကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၏ တင်ဒါခေါ်ယူထားသည့်အချက်အလက်များအရ သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာနအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း မြို့နယ်(၃၃) မြို့နယ်မှ အမှိုက်တန်ချိန် (၂၅၀၀)ကျော်အား နေ့စဉ်သိမ်းဆည်း သယ်ယူစွန့်ပစ်လျက်ရှိရာ လှိုင်သာယာမြို့နယ် ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ တန်ချိန် (၁၅၀၀) ခန့်၊ နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ထားဝယ်ချောင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံသို့ တန်ချိန် (၁၀၀၀) ခန့်တို့ ဖြစ်ကြောင်း သိရသည်။
ယခုအခါ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းစဉ်အရ စွန့်ပစ်အမှိုက်များမှစွမ်းအင်ထုတ် လုပ်မှု (Waste to Energy) နည်းစဉ်ဖြင့် အဆိုပါ အမှိုက်ပုံနေရာ (၂) ခုတွင် စွန့်ပစ်အမှိုက်မှ (Methane) ဓာတ်ငွေ့ထုတ်ယူပြီး (Generator) ဖြင့်မောင်းနှင်၍ လျှပ်စစ်ဓာတ်အားထုတ်ယူခြင်းလုပ်ငန်း၊ စွန့်ပစ်အမှိုက်မှ (Methane) ဓာတ်ငွေ့ထုတ်ယူပြီး (Compressed Bio Methane) ပြုလုပ်၍ (၉၀ ရာခိုင်နှုန်း) သန့်စင်သောစွမ်းအင် (CNG) အစားထိုးဓာတ်ငွေ့ ထုတ်ယူခြင်းလုပ်ငန်းနှင့် စွန့်ပစ်အမှိုက်မီးရှို့စက်ရုံတည်ဆောက်ပြီး (Incinerated Process) ဖြင့် လျှပ်စစ်ဓာတ် အားထုတ်ယူခြင်းလုပ်ငန်းတို့ဆောင်ရွက်ရွက် စီစဉ်နေကြောင်း သိရသည်။
ထို့ကြောင့် အထက်ဖော်ပြပါလုပ်ငန်းစဉ် (၃)မျိုးအား ဆောင်ရွက်လိုသော ပြည်တွင်းပြည်ပကုမ္ပဏီများအနေဖြင့်လည်းကောင်း၊ ပြည်ပကုမ္ပဏီများအနေဖြင့်လည်းကောင်း၊ ပြည်တွင်းနှင့် ပူးပေါင်း ပြည်ပကုမ္ပဏီများအနေဖြင့်လည်းကောင်း သတ်မှတ်ထားသည့်အချက်အလက်များအား ပြည့်စုံစွာ ဖော်ပြပါရှိလျက် အဆိုပြုတင်ပြချက် (Proposal) အား လာမည့် ဒီဇင်ဘာ(၃၁) ရက် နောက်ဆုံးထား၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနသို့ တင်ဒါအဆိုပြုချက်များ ပေးပို့နိုင်ပါကြောင်း အသိပေးထားသည်။
ထိုသို့ပေးပို့ရာတွင် မည်သည့်လုပ်ငန်းစဉ်ကိုဆောင်ရွက်လိုကြောင်းနှင့် (Feasibility Study) လုပ်ဆောင် မည့်ကာလဖော်ပြချက်၊ မည်သည့်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင်ဆောင်ရွက်လိုကြောင်းနှင့် တည်ဆောက်မှု ကာလဖော်ပြချက်၊ အကျိုးတူလုပ်ငန်းအား နှစ်ကာလဖော်ပြ၍ မည်သည့်စနစ်ဖြင့်ဆောင်ရွက်လိုကြောင်း၊ (ဥပမာ - Build-Operate-Transfer စနစ်၊ Build-Own-Operate စနစ်၊ Public-Private-Partnership စနစ်) နှင့် ဆောင်ရွက်မည့်လုပ်ငန်း၏ အသေးစိတ်လုပ်ငန်းစဉ်များ (ရင်းနှီးမြှုပ်နှံမှုတန်ဖိုး၊ ပိုင်ဆိုင်မှုအပေါ် ခွဲဝေမှုရာခိုင်နှုန်း၊ နှစ်စဉ်ပြုပြင်ထိန်းသိမ်းကုန်ကျစရိတ်၊ အကျိုး အမြတ်ခွဲဝေမှုရာခိုင်နှုန်း၊ လုပ်ငန်းဆောင်ရွက်မည့်ကာလ၊ ရင်းနှီးမြှုပ်နှံမှု၏အရင်းကျေ ကာလ ခန့်မှန်းချက်စသည်ဖြင့်အခြားဖော်ပြလိုသည်များ)၊ အသုံးပြုမည့်မြေဧရိယာလိုအပ်ချက်၊ နေ့စဉ်အမှိုက်ကုန်ကြမ်းပေးပို့မှုသဘောတူညီချက်တို့ဖော်ပြရန်လိုကြောင်း သိရသည်။
ထို့အတူ Tipping Fees ပေးရန်လို/မလို၊ ရေရယူသုံးစွဲမှုစနစ်၊ ထွက်ရှိစွမ်းအင်အပေါ် သုံးစွဲမှု/ရောင်းချမှုအတွက် မည်သည့်နှုန်းဖြင့်ဆောင်ရွက်မည်၊ Carbon Credit (Certified Emission Reduction) ထားရှိမှုနှင့် ခွဲဝေမှုရှိ/မရှိ၊ အခြားဖော်ပြလိုသည်များရှိပါက ထည့်သွင်းဖော်ပြရန်နှင့်လိုအပ်မည့် (Document) များပူးတွဲရန် လိုအပ်ကြောင်းလည်း သိရသည်။
တင်ဒါအဆိုပြုတင်ပြရာတွင် ကုမ္ပဏီအဖွဲ့များ၏ (Logo) ပါသော (Letter Head) အသုံးပြုတင်သွင်းရမည်ဖြစ်ပြီး လုပ်ငန်းကိစ္စနှင့်စပ်လျဉ်း၍လိုအပ်သည့် သတင်းအချက်အလက် များ၊ ကိန်းဂဏန်းများ အသေးစိတ်သိရှိရယူလိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးသို့ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။