
သားပု (NP News) - နိုဝင်ဘာ ၂
ဧရာဝတီတိုင်းဒေသကြီးကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (ARCCI) အနေဖြင့် MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဘဏ်နှစ်ခုနှင့်ချိတ်ဆက်၍ သိန်းပေါင်း (၄) သောင်းကျော် ထုတ်ချေးပေးနိုင်ခဲ့ကြောင်း ARCCI အသင်းအတွင်းရေးမှူး ဦးမျိုးကိုကိုသိန်း က ပြောကြားခဲ့ သည်။
ဦးမျိုးကိုကိုသိန်းက ယမန်နေ့ (အောက်တိုဘာလ ၁ ရက်) တွင် ပုသိမ်မြို့ ဂန္ဒမာ Ballroom ၌ကျင်းပသော ဧရာဝတီတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(ARCCI) ၏ ၂၀၂၅-၂၀၃၀ ပထမအကြိမ် အသင်းသာစုံညီအထွေထွေ အစည်းအဝေး၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"MSME ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအနေနဲ့ ဘဏ်ကြီး (၂) ဘဏ်ပေါ့။ MOB ဘဏ်နဲ့ချိတ်ဆက်ပြီး သိန်းသောင်းတစ်ထောင်ကို လုပ်ငန်းရှင်တစ်ယောက်ကို သိန်း (၅၀၀) နှုန်းနဲ့ ချေးပေးနိုင်ခဲ့တယ်။နောက် A Bank ပေါ့။ သူကတော့ စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍပေါ့။ သူကတော့ သိန်း(၁၀,၄၀၀) ချေးပေးနိုင်ခဲ့တယ်။ အဲဒါကစာရင်းအဟောင်းအရပါ။ အခုထိဆို ဘဏ်တစ်ခုကိုသိန်း(၂) သောင်းကျော်နဲ့သိန်း (၄)သောင်းလောက် ရှိပါပြီ" ဟု အသင်းအတွင်းရေးမှူး ဦးမျိုးကိုကိုသိန်းမှ ပြောသည်။
ထို့ပြင် နယ်စပ်ကုန်သွယ်ရေးကို ဦးတည်၍ ကရင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (KSCCI) အသင်းနှင့် အောက်တိုဘာလ ၁ရက်က နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ARCCI အသင်းဥက္ကဌ ဦးညီညီထွန်းက ဆိုသည်။
"အဓိကကတော့ ဦးတည်ထားတာပေါ့နော်။ ဒါပေမယ့်နိုင်ငံတော်ရဲ့ပေါ်လစီအရ လောလောဆယ်အဆင်မပြေနိင်သေးဘူးပေါ့။ နောက်တော့ တဖြေးဖြေးတော့ဖြစ်လာမှာပေါ့။ လောလောဆယ်တော့ ကိုယ့်တိုင်းက ထွက်ကုန် ကုန်ချောအဆင့်တန်ဖိုးမြှင့် ရောင်းမယ်။ သူတို့ဆီကလဲကိုယ်ဘာဝယ်လို့ ရမလဲပေါ့။ အသင်းအချင်းချင်းဆိုတော့ အာမခံချက်ရှိတာပေါ့" ဟု ARCCI အသင်းဥက္ကဌ ဦးညီညီထွန်းက ပြောသည်။
ARCCI အသင်းအနေဖြင့် မိတ်ဖက်အဖွဲ့ဝင်ပေါင်း (၄၀) ဖြင့်ပါဝင်ဖွဲ့စည်းထားပြီး ပြီးခဲ့သည့် အောက်တိုဘာလက နိုင်ငံတော်သမ္မတ၏ ဗီယက်နမ်ခရီးစဥ်အတွင်း စီးပွားရေးဆိုင်ရာကိစ္စရပ်များ လေ့လာဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
