
စော (NP News) - နိုဝင်ဘာ ၂
အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မူရားစု”ကြောင့် နေပြည်တော်နှင့် ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၂)ခုတွင် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီဌာနက ယနေ့ (နိုဝင်ဘာ ၂ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။
ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မူရားစု” (MURASU) သည် အနောက်-အနောက်မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဆက်လက်တည်ရှိနေကြောင်း သိရသည်။
အဆိုပါ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မူရားစု” သည် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ (Coco Island)၏ အနောက်ဘက် ရေမိုင် (၆၉၀) မိုင်ခန့်၊ အိန္ဒိယ နိုင်ငံ၊ ချင်းနိုင်မြို့(Chennai)၏ အရှေ့မြောက်ဘက် ရေမိုင် (၉၅) မိုင်ခန့်နှင့် မာချီလီပတ္တနမ်မြို့ (Machilipatnam)၏ အရှေ့တောင်ဘက် ရေမိုင် (၁၃၀) မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရသည်။
ယင်းဆိုင်ကလုန်းမုန်တိုင်း “မူရားစု” ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားပြီး ယင်းမုန်တိုင်းသည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်၍ မနက်ဖြန် (နိုဝင်ဘာ ၃ ရက်)တွင် အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေကို နယ်လိုရီမြို့(Nellore)နှင့် နာစာပါမြို့(Narsapur) တို့အကြားမှ ဖြတ်ကျော်နိုင်သည်ဟု မိုးဇလမှ ခန့်မှန်းထားသည်။
ယင်း၏အရှိန်ကြောင့် ယနေ့(နိုဝင်ဘာ ၂ ရက်)၊ နေ့လည်မှ (နိုဝင်ဘာ ၃ ရက်)အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျားနှင့် နေပြည်တော်၊ ရန်ကုန်တိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း နှင့် အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများကျရောက်၍ လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ပြီး မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၂၅) မိုင်မှ မိုင်(၃၀)အထိ တိုက်ခတ်နိုင်ကာ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၇)ပေမှ (၉) ပေခန့်ရှိနိုင်ကြောင်း သိရသည်။
ထို့ကြောင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်၍ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှု အန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန် နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုရှောင်ရှားနိုင်ရန် မိုးဇလမှ အသိပေးထုတ်ပြန်ထားသည်။
