NP News

Sweet/Doraemon Lip tints တွင် Rhodamine B ပါဝင်သည်ကိုတွေ့ရှိရ၍ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းအဖြစ် FDA အသိပေး

စော (NP News) - နိုဝင်ဘာ ၂

Sweet/Doraemon Lip tints တွင် Rhodamine B ပါဝင်သည်ကိုတွေ့ရှိရ၍ သုံးစွဲရန်မသင့်သော အလှကုန်ပစ္စည်းအဖြစ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ယနေ့ (နိုဝင်ဘာ ၂ ရက်) တွင် အသိပေးထုတ်ပြန်ထားသည်။

အဆိုပါဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့် အလှကုန်ပစ္စည်းများကိုစစ်ဆေးခဲ့ရာ ယင်းနှာခမ်းနီ အလှကုန်ပစ္စည်း(၁)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရ၍ အများပြည်သူလုံးဝ(လုံးဝ) သုံးစွဲရန် မသင့်ကြောင်း အသိပေးထားသည်။

ယင်း Sweet/Doraemon Lip tints (အနီပုပ်)သည် ထုတ်လုပ်သည့် ကုမ္ပဏီ/ နိုင်ငံ ဖော်ပြထားခြင်း မရှိသည့်အပြင် Rhodamine B ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် သုံးစွဲရန်မသင့် အလှကုန်ပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့်ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သား တုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

အလှကုန်ပစ္စည်းတင်သွင်းဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ လက်လီလက်ကားဆိုင်များနှင့် online ရောင်းချသည့်လုပ်ငန်းများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော သုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့်အလှကုန်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးရောင်းချခြင်းများကို ကျင့်ဝတ် (Ethic) အရ လုံးဝမပြုလုပ်ရန် FDA မှ အသိပေးထားသည်။
ထို့ပြင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဈေးကွက်စစ်ဆေးခြင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန် စီစဉ်ထားရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ်တကျ ကွပ်ကဲလျက်ရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News