Myanmar Digital News

ဂျပန်၊ အမေရိကန်၊ ဩစတြေးလျနှင့် အိန္ဒိယခေါင်းဆောင်များ ဖိလစ်ပိုင်တွင် Quad ထိပ်သီးအစည်းအဝေးကျင်းပရန် စီစဉ်

မနီလာ အောက်တိုဘာ ၂၄

ဂျပန်၊ အမေရိကန်၊ ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့မှ ခေါင်းဆောင်များက လာမည့်နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။

လာမည့် Quad လေးနိုင်ငံထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ကျင်းပမည်ဖြစ်ကြောင်း ရူဘီယိုက ယမန်နေ့တွင် အိန္ဒိယနိုင်ငံရှိ ဒေသခံမီဒီယာတစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်း၌ ပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးကို နိုဝင်ဘာလလယ်ပိုင်းတွင် ကျင်းပရန် စီစဉ်ထားသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း ခေါင်းဆောင်များ၏ အစည်းအဝေးနှင့်အတူ ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါအစည်းအဝေးသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုတိယသမ္မတသက်တမ်း စတင်ပြီးနောက် ပထမဆုံးကျင်းပမည့် Quad ထိပ်သီးအစည်းအဝေး ဖြစ်လာမည်ဖြစ်သည်။ ယခင်သမ္မတ ဂျိုးဘိုင်ဒင် က ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် နောက်ဆုံးကျင်းပခဲ့သည့် Quad ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည်။ ထရမ့်သည် ဖိလစ်ပိုင်နိုင်ငံသို့ သွားရောက်ပြီးနောက် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ထိပ်သီးအစည်းအဝေး တက် ရောက်ရန် တရုတ်နိုင်ငံသို့ ဆက်လက်သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

Quad အဖွဲ့သည် အင်ဒို-ပစိဖိတ်ဒေသအတွင်း လုံခြုံရေး၊ စီးပွား ရေးနှင့် မဟာဗျူဟာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးလေ့ ရှိသည့် အမေရိကန်၊ ဂျပန်၊ ဩစတြေးလျနှင့် အိန္ဒိယတို့ ပါဝင်သော လေးနိုင်ငံမိတ်ဖက်အဖွဲ့ဖြစ်သည်။ လာမည့်အစည်းအဝေးတွင် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိကြောင်း မျှော်လင့်ရသည်။

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News