Myanmar Digital News

တရုတ်နိုင်ငံ တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ရာ ၁၆ ဦးသေဆုံး၊ ၇၆ ဦးဒဏ်ရာရ

ပေကျင်း အောက်တိုဘာ ၂၄

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာချူးမြို့ ပက်ချန်ခရိုင်တွင် အောက်တိုဘာ ၂၂ ရက် ညပိုင်းက ပြင်းအား ၇ ဒသမ ၀ အဆင့် ရှိ ငလျင်လှုပ်ခတ်ခဲ့ရာ ၁၆ ဦးသေဆုံးပြီး ၇၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ပြောကြားခဲ့သည်။

အဆိုပါ ထိခိုက်သေဆုံးမှုစာရင်းကို အောက်တိုဘာ ၂၃ ရက် မွန်းလွဲ ၁ နာရီ အထိ ကောက်ယူထားခြင်းဖြစ်ကြောင်း နာချူးမြို့တော်အစိုးရ၏ သတင်းပြန်ကြားရေးရုံးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ငလျင်ဘေးသင့်ဒေသ၌ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ဝန်ထမ်းနှင့် ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် ၅၀၀၀ ကျော်ကို စေလွှတ်ထားပြီး ရှာဖွေကယ် ဆယ်ရေး၊ ဆေးကုသရေး၊ ယာယီနေရာ ထိုင်ခင်း စီစဉ်ပေးရေးနှင့် အခြေခံလိုအပ် သောပစ္စည်းများ ဖြန့်ဝေရေးတို့ကို အဖွဲ့ များခွဲ၍ ဆောင်ရွက်လျက်ရှိသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်နေပြီး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက်ရန် ဘေးသင့်ဒေသ၌ အရေးပေါ်ကွပ်ကဲရေးဌာနချုပ်တစ်ခုလည်း ဖွင့်လှစ်ထားသည်။

ထို့ပြင် တောင်စောင်းများ၊ ရေလှောင်ကန်များ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ မြစ်များ၊ အဆောက်အအုံမခိုင်ခံ့သည့် နေရာများနှင့် ဆက်သွယ်ရေးအခြေစိုက် စခန်းများအပါအဝင် အရေးကြီးနေရာ များကို အာဏာပိုင်များက နေ့ရောညပါ စောင့်ကြည့် စစ်ဆေးလျက်ရှိသည်။ ပျက်စီးသွားသော ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားပေးစနစ်များကိုလည်း အရေးပေါ်ပြုပြင်လျက်ရှိရာ တဖြည်းဖြည်း ပြန်လည်အသုံးပြုနိုင်လာပြီဖြစ်သည်။

ငလျင်စောင့်ကြည့်ရေး၊ မိုးလေဝသနှင့် အရေးပေါ်စီမံခန့်ခွဲရေးဌာနများကလည်း နောက်ဆက်တွဲငလျင်များနှင့် ဆိုးရွားသောရာသီဥတုအခြေအနေများအတွက် အချိန်မီသတိပေးချက်များ ထုတ်ပြန်နိုင်ရန် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ကယ်ဆယ်ရေးလုပ်ငန်းများ အဆင် ပြေချောမွေ့စေရန် ရဲတပ်ဖွဲ့နှင့် သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ တာဝန်ရှိသူများက လမ်းအရှည် ကီလိုမီတာ ၁၇၀၀ ကျော်၊ တံတား ၂၀၁ စင်းနှင့် ရေဖြတ်ပြွန် ၃၂၄ ခုကို စစ်ဆေးခဲ့ကြသည်။ ယင်းသို့ စစ်ဆေးရာတွင် အန္တရာယ်ဖြစ်နိုင်သည့် နေရာ ၁၁ ခုကို တွေ့ရှိခဲ့ပြီး လမ်းပိုင်းခုနစ်ခု၌ ပြိုကျနေသော ကျောက်တုံးများကိုလည်း ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တရုတ်ကြက်ခြေနီအသင်းကလည်း ဒေသခံကယ်ဆယ်ရေးလုပ်ငန်းများကို လမ်းညွှန်ပံ့ပိုးရန် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို ဘေးသင့်ဒေသသို့ စေလွှတ်ခဲ့သည်။ ထို့ပြင် မိသားစုသုံး အရေးပေါ်ကယ်ဆယ် ရေပစ္စည်းအစုံ၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ အပူပေးစက်များ၊ တဲများ၊ အင်္ကျီများ၊ ခေါက်ခုတင်များနှင့် စောင်များအပါအဝင် ထောက်ပံ့ရေးပစ္စည်း အစုံ ၃၈၀၀ ကိုလည်း ခွဲဝေပေးခဲ့သည်။

တရုတ်နိုင်ငံ၏ အရေးပါသော ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သည့် တရုတ်ပရဟိတအဖွဲ့ချုပ်ကလည်း အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ပံ့ပိုးရန် ယွမ်သုံးသန်း (အမေရိကန်ဒေါ်လာ ၄၄၆၅၆၁ ခန့်)ကို အရေးပေါ်ခွဲဝေ ချထားပေးခဲ့ကြောင်း သိရသည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News