Myanmar Digital News

ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲရေးနှင့် ရေလမ်းကြောင်းများ အတိတ်ကာလကရှိခဲ့သည့်ပုံစံနှင့် တူညီမည်မဟုတ်ဟု အီရန်နိုင်ငံခြားရေးဝန်ကြီးပြောကြား

 

တီဟီရန် အောက်တိုဘာ ၂၆

 

ဟော်မုဇ်ရေလက်ကြား စီမံခန့်ခွဲရေးနှင့် အဆိုပါရေလက်ကြား၏ ရေလမ်းကြောင်းများသည် အတိတ်ကာလကရှိခဲ့သည့်ပုံစံနှင့် တူညီမည်မဟုတ်ကြောင်း အီရန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဆာယိ အဗတ်အေရာချီက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားသည်။

 

အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးတို့က တိုက်ခိုက်ခဲ့ပြီးနောက် အနောက်အာရှဒေသတွင် အခြေခံနှင့် မဟာဗျူဟာကျသည့် ပြောင်းလဲမှုများရှိခဲ့ကြောင်း ၎င်းက မြို့တော်တီဟီရန်တွင် ကျင်းပ သည့် အခမ်းအနားတွင် ပြောကြားသည်။

 

မိမိတို့အနေဖြင့် အခြေအနေသစ်များကို လက်ခံရမည်ဖြစ်ကြောင်း၊ ဟော်မုဇ်ရေလက်ကြား၏ ရေလမ်းကြောင်းများနှင့် အဆိုပါရေလက်ကြားဆိုင်ရာ စီမံခန့်ခွဲရေး စနစ်များသည် ယခင်အချိန်က ကဲ့သို့ တစ်ထပ်တည်း တူညီမည်မဟုတ်ကြောင်း ၎င်းကပြောကြားသည်။ လက်ရှိအချိန်တွင် ဆွေးနွေးညှိနှိုင်းနေသည့် အရာများရှိနေပြီး အဆိုပါ ဆွေးနွေးညှိနှိုင်းမှုများကိုလည်း ဆက်လက် ဆောင်ရွက်မည်ဟု ၎င်းကပြောကြားသည်။

 

ဒေသတွင်း လုံခြုံရေးကို ပြည်ပတပ်ဖွဲ့များအပေါ် မှီခိုအားထားခြင်းမပြုဘဲ ဒေသတွင်းနိုင်ငံများကသာ တာဝန်ယူ အာမခံရမည်ဖြစ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့သည်။ အဆိုပါ ပြည်ပနိုင်ငံများမှ တပ်ဖွဲ့များသည် ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ကာကွယ်ရန်နှင့် အစ္စရေးနိုင်ငံကို စောင့်ရှောက်ရန် ရည်ရွယ်ချက်ဖြင့် ဒေသတွင်းသို့ ရောက်ရှိလာကြခြင်းဖြစ်ပြီး ၎င်းတို့ ဆက်လက်ရှိနေခြင်းသည် ဒေသတစ်ခုလုံးအတွက် မလုံခြုံမှုများကိုသာ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ အီရန်အနေဖြင့် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။

 

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News