Myanmar Digital News

ဂျပန်နိုင်ငံ၌ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ စက်ကိရိယာပြပွဲကျင်းပ

 

တိုကျို အောက်တိုဘာ ၂၆

 

ဂျပန်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွင် လုပ်သားရှားပါးလာခြင်းကို ဖြေရှင်းရန်အတွက် ဉာဏ်ရည်တု နည်းပညာဆိုင်ရာ စက်ကိရိယာပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အောက်တိုဘာ ၂၆ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။

 

အဆိုပါပြပွဲတွင် ဂျပန်နိုင်ငံနှင့် နိုင်ငံတကာမှ ကုမ္ပဏီ ၁၁၀၀ ကျော် ဝင်ရောက်ပြသခဲ့သည်။ လူတူပုံစံ စက်ရုပ်များအား ဉာဏ်ရည်တုနည်းပညာဖြင့် နှုတ်မှညွှန်ကြားချက်များပေးခြင်းနှင့် စက်ကိရိယာများဖြင့် ပေါင်းစပ်ဆောင်ရွက်ခြင်းဆိုင်ရာ စနစ်တစ်ခုကို မစ်ဆူဘီရှီ အီလက်ထရွန်နစ် ပစ္စည်းထုတ်လုပ် ရေးကုမ္ပဏီက မိတ်ဆက်ခဲ့သည်။ အဆိုပါနည်းပညာကြောင့် လူသားလုပ်သားများ၏ အလုပ်ဝန်တာကို သက်သာစေသည်ဟု အဆိုပါကုမ္ပဏီက ပြောကြားသည်။ ထို့ပြင် လူသားများ၏ တောင်းဆိုချက်များအပေါ် အခြေခံ၍ သတ္တုဒီဇိုင်းနမူနာများကို ဖန်တီးပေးပြီး ၎င်းဒီဇိုင်းများအတိုင်း လက်တွေ့ထုတ်လုပ်ပေးသည့် ဉာဏ်ရည်တုနည်းပညာ တစ်ရပ်ကိုလည်း စက်ကိရိယာထုတ်လုပ်ရေး လုပ်ငန်းဖြစ်သည့် ဖနူက ပြသခဲ့သည်။ ထုတ်ကုန်ထုတ်လုပ်ရေး စက်မှုလုပ်ငန်းသည် လုပ်သားရှားပါး လာခြင်းနှင့် ထုတ်လုပ်မှု မြှင့်တင်ရန် ကြိုးပမ်းအားထုတ်မှုတစ်ရပ်အနေဖြင့် ဉာဏ်ရည်တုနည်းပညာကို သုံးစွဲမှုများပြားလာသည်။ သို့ရာတွင် မည်သည့်အလုပ်များအား စက်ကိရိယာများဖြင့် အစားထိုးမည်ကို ဆုံးဖြတ်ရခြင်းနှင့် ဉာဏ်ရည်တုနည်းပညာအား ကျွမ်းကျင်လုပ်သားများရှိရမည့် အရည်အသွေးများကို သင်ကြားလေ့ကျင့်ရမည့် နည်းလမ်းများရှာဖွေရာတွင် စိန်ခေါ်မှုရှိနေကြောင်း သိရသည်။

 

လုပ်သားများ ပုံမှန်လုပ်ဆောင်နေကျ လုပ်ငန်းတာဝန်များကို ဉာဏ်ရည်တုနည်းပညာအသုံးပြု၍ လုပ်ဆောင်စေခြင်းအားဖြင့် စက်ရုံများ၏ ထုတ်လုပ်မှုစွမ်းဆောင်ရည် မြင့်တက်လာမည်ဖြစ်ပြီး လူသား များအနေဖြင့် ပိုမိုရှုပ်ထွေးနက်နဲသော လုပ်ငန်းတာဝန်များဘက်သို့ ပြောင်းလဲလုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း စက်ကိရိယာထုတ်လုပ်ရေးလုပ်ငန်း ဖနူမှ အမှုဆောင်အရာရှိ နိုဒါ ဟီယိုရှီကပြောကြားသည်။

 

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News