Myanmar Digital News

ဖူးခက်ကျွန်း၌ ရေကြီးမှုကြောင့် ခရီးသွားနေရာများတွင် ရွှံ့ညွန်များ ဖုံးလွှမ်း

ဘန်ကောက်  အောက်တိုဘာ  ၂၇

ထိုင်းနိုင်ငံ၏  လူကြိုက်များသော  ခရီးသွားဒေသတစ်ခုဖြစ်သည့်  ဖူးခက်ကျွန်းတွင်  မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက်ရေကြီးမှုဖြစ်ပွားခဲ့ပြီး ခရီးသွားများ အများဆုံးသွားလာရာလမ်းများတွင် ရွှံ့ညွန်များဖုံးလွှမ်းကျန်ရစ်ခဲ့ကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာ  ထပ်မံရွာသွန်းနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။

ရေများ ပြန်လည်ကျဆင်းသွားပြီ ဖြစ်သော်လည်း လမ်းများပေါ်တွင် ထူထပ်သောရွှံ့ညွန်များ ကျန်ရှိနေသဖြင့်   သက်ဆိုင်ရာအဖွဲ့များက   ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ရွှံ့ညွန်များနှင့် အပျက်အစီးများသည် ဘားများ၊ စားသောက်ဆိုင်များနှင့် ဈေးဆိုင်များအပါအဝင် စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေခဲ့သည်။

ဖူးခက်ပြည်နယ်ရှိ ခရိုင်သုံးခုတွင် ရေကြီးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။   ထိုင်းဝန်ကြီးချုပ် အနုထင်ချာဝီရကွန်က  ရေကြီးမှုအပြီး   ပြန်လည်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ အားလုံးကို ဝန်ထမ်းများနှင့် စက်ယန္တရားကြီးများစေလွှတ်ပေးရန် တိုက်တွန်းခဲ့သည်။

ရေကြီးမှုကြောင့်  လူသေဆုံးမှုမရှိခဲ့ဘဲ အောက်တိုဘာ ၂၆ ရက်တွင် ရေများပြန်လည်ကျဆင်းခဲ့ကြောင်း သိရသည်။ သို့သော် ထိုင်းနိုင်ငံတောင်ပိုင်း ဒေသများတွင် အောက်တိုဘာ ၂၈ ရက်အထိ မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသ တာဝန်ရှိသူများက ခန့်မှန်းထားသည်။

အဆိုပါဒေသတွင် ယမန်နှစ် နိုဝင်ဘာလကလည်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရသည်။

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News