Myanmar Digital News

အစ္စရေးအထွေထွေရွေးကောက်ပွဲ မဲရေတွက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိ

ဂျေရုဆလင် အောက်တိုဘာ ၂၈

 

အစ္စရေးနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ မဲရေတွက်မှုများ ဆက်လက်ပြုလုပ်နေပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ဦးဆောင်သည့် အာဏာရအုပ်စုနှင့် အတိုက်အခံအုပ်စုတို့အကြား အနိုင်ရရှိမှု အကြိတ်အနယ်ရှိနေသော်လည်း အာဏာရအုပ်စုအနေဖြင့် လွှတ်တော်တွင် အများစုနေရာရရှိရန် မလွယ်ကူကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

 

မဲရုံများကို အောက်တိုဘာ ၂၇ ရက် ည ၁၀ နာရီတွင် ပိတ်ခဲ့သည်။ အစ္စရေးနိုင်ငံ ရုပ်သံလွှင့်ဌာန Channel 12 က မဲရေတွက်မှု နောက်ဆုံးအခြေအနေနှင့် မဲရုံထွက်ပေါက် စစ်တမ်းများအပေါ် အခြေခံ၍ အမတ်နေရာ ၁၂၀ ရှိသော အစ္စရေးလွှတ်တော်တွင် ပါတီတစ်ခုချင်းစီ ရရှိနိုင်မည့် အမတ်နေရာခန့်မှန်းချက်များကို ထုတ်ပြန်ခဲ့သည်။

 

အောက်တိုဘာ ၂၈ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီအထိ ခန့်မှန်းချက်များအရ နေတန်ယာဟု၏ လက်ယာယိမ်း လီကွတ်ပါတီသည် အမတ်နေရာ ၂၇ နေရာနှင့် တပ်မတော်အရာရှိဟောင်း ဂါဒီ အိုင်ဆင် ကော့ ဦးဆောင်သည့် ဗဟိုဝါဒီ ယာရှာပါတီသည် အမတ်နေရာ ၂၁ နေရာရရှိမည်ဟု ခန့်မှန်းထားသည်။

 

ထို့ပြင် အာဏာရအုပ်စုက အမတ်နေရာ ၅၂ နေရာ၊ ယာရှာပါတီအပါအဝင် အတိုက်အခံအုပ်စုက အမတ်နေရာ ၄၉ နေရာနှင့် အခြားပါတီများက ၁၉ နေရာ ရရှိမည်ဟု ခန့်မှန်းထားသည်။

 

နေတန်ယာဟုက လီကွတ်ပါတီသည် အစ္စရေးနိုင်ငံ၏ အကြီးဆုံးပါတီဖြစ်ကြောင်း ပြောကြားကာ ဝန်ကြီးချုပ်ရာထူး ဆက်လက်ရယူလိုသည့်ဆန္ဒကို အခိုင်အမာဖော်ပြခဲ့သည်။ ထို့ပြင် အင်အားတောင့်တင်းသော လက်ယာယိမ်းအစိုးရတစ်ရပ် လိုအပ်ကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

 

ယာရှာပါတီခေါင်းဆောင် အိုင်ဆင်ကော့က ယခုရွေးကောက်ပွဲကို အစ္စရေးနိုင်ငံတစ်နိုင်ငံလုံးအတွက် အောင်ပွဲဟုခေါ်ဆိုခဲ့ပြီး အပြောင်းအလဲများကို ဖော်ဆောင်နိုင်မည့် တည်ငြိမ်သောအစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အာဏာရအုပ်စုဖြစ်စေ၊ အတိုက်အခံအုပ်စုဖြစ်စေ လွှတ်တော်အမတ်နေရာအများစုကို မရရှိပါက ညွန့်ပေါင်းအစိုးရဖွဲ့စည်းနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ဖွယ်ရှိကြောင်း သိရသည်။ အရှေ့အလယ်ပိုင်းဒေသ အခြေအနေအပေါ် အရေးပါသော သက်ရောက်မှုရှိခဲ့သည့် နေတန်ယာဟုအနေဖြင့် အာဏာကို ဆက်လက်ထိန်းသိမ်းထားနိုင်မည်လားဆိုသည်ကို ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

 

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News