Myanmar Digital News

နျူကလီးယားလက်နက်ကင်းစင်သော ကမ္ဘာတစ်ခုဖန်တီးရေး ဂျပန်နိုင်ငံက တင်သွင်းသည့် ဆုံးဖြတ်ချက်မူကြမ်း ကုလသမဂ္ဂတွင် အတည်ပြု

ဂျီနီဗာ အောက်တိုဘာ ၂၈

 

ကုလသမဂ္ဂအထွေထွေညီလာခံ၏ ပထမကော်မတီတွင် နျူကလီးယားလက်နက် ကင်းစင်သော ကမ္ဘာတစ်ခု ဖန်တီးရေးအတွက် ဂျပန်နိုင်ငံက တင်သွင်းသည့် ဆုံးဖြတ်ချက်မူကြမ်းကို ယမန်နေ့က နိုင်ငံပေါင်း ၁၅၀ ၏ ထောက်ခံမဲဖြင့် အတည်ပြုခဲ့သည်။

 

အဏုမြူဗုံးကြဲခံခဲ့ရသည့် တစ်ခုတည်းသော နိုင်ငံဖြစ်သော ဂျပန်နိုင်ငံသည် နျူကလီးယားလက်နက် ဖျက်သိမ်းရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို နှစ်စဉ်တင်သွင်းခဲ့ရာ ၁၉၉၄ ခုနှစ်မှစ၍ ယခုအကြိမ်အပါအဝင် နှစ်စဉ်အတည်ပြုခံခဲ့ရခြင်းဖြစ်သည်။

 

ဆုံးဖြတ်ချက်မူကြမ်းတွင် နျူကလီးယားလက်နက်မပြန့်ပွားရေးစာချုပ် (NPT) အဖွဲ့ဝင် နိုင်ငံများ၏ ပြန်လည်သုံးသပ်ရေးညီလာခံ၌ မေလအတွင်း နောက်ဆုံးသဘောတူညီချက်တစ်ရပ် မချမှတ်နိုင်ခဲ့ခြင်းအပေါ် နောင်တရကြောင်း ဖော်ပြထားသည်။

 

ထို့ပြင် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် နိုင်ငံများအနေဖြင့် ၎င်းတို့၏တာဝန်ဝတ္တရားများကို ဖြည့်ဆည်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်လည်း တိုက်တွန်းထားသည်။

 

သဘောထားရပ်တည်ချက် အမျိုးမျိုးရှိသည့် နိုင်ငံများအပါအဝင် နိုင်ငံပေါင်း ၁၅၀ ၏ ထောက်ခံမှုရရှိခဲ့ခြင်းသည် အနာဂတ်တွင် နျူကလီးယားလက်နက်ဖျက်သိမ်းရေး ကြိုးပမ်းအားထုတ်မှုများအတွက် အားတက်ဖွယ်ရာဖြစ်ကြောင်း လက်နက်ဖျက်သိမ်းရေး ညီလာခံဆိုင်ရာ ဂျပန်သံအမတ် အိချီကာဝါ တိုမီကိုက ပြောကြားသည်။

 

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News