Myanmar Digital News

စပိန်နိုင်ငံ ရထားနှစ်စင်းတိုက်မိမှုကြောင့် သေဆုံးသူ ၆၉ ဦးအထိ မြင့်တက်လာ

မက်ဒရစ်  အောက်တိုဘာ  ၂၉

စပိန်နိုင်ငံ မက်ဒရစ်မြို့ တောင်ဘက် တိုလီဒိုပြည်နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ရထားနှစ်စင်းတိုက်မိမှုကြောင့် သေဆုံးသူဦးရေ ၆၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း  စပိန်နိုင်ငံ ကတ်စတီလာ-လာမန်ချာဒေသ အုပ်ချုပ်ရေးမှူး အီမီလီယာနို ဂါစီယာ-ပေ့ချ်က ယနေ့ ပြောကြားသည်။

မတော်တဆမှု  ဖြစ်ပွားရာနေရာ၌ အလောင်းတစ်လောင်း ထပ်မံတွေ့ရှိခဲ့ကြောင်း အုပ်ချုပ်ရေးမှူး  ဂါစီယာ-ပေ့ချ်က ပြောကြားခဲ့သည်။ ကတ်စတီလာ-လာမန်ချာဒေသရှိ ဆေးရုံများတွင် ဒဏ်ရာရသူ ၅၀ ဦး ဆေးကုသမှု ခံယူနေရဆဲဖြစ်ပြီး ၆၀ မှာ  ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့ကြောင်း ၎င်းက ပြောကြားသည်။  လူနာ ၁၅ ဦး၏ အခြေအနေကို အရေးပေါ်အဆင့် အနီရောင်အဖြစ် သတ်မှတ်ထားပြီး  ၎င်းတို့အနက်  လေးဦးမှာ ကျန်းမာရေးအခြေအနေ  တိုးတက်ကောင်းမွန်လာသည့် လက္ခဏာများ ပြသနေကြောင်း ၎င်းက   ဖြည့်စွက်ပြောကြားခဲ့သည်။

အာဏာပိုင်များက နောက်ထပ်အလောင်းများတွေ့ရှိနိုင်ခြေမရှိဟု ယူဆထားသော်လည်း အပြင်းထန်ဆုံးထိခိုက်ပျက်စီးခဲ့သည့် ရထားတွဲအချို့၏ ပုံပျက်နေသော အပျက်အစီးများအတွင်း ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေသဖြင့်  သတိထားဆောင်ရွက်ရန် လိုအပ်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။

အရေးပေါ်အခြေအနေကို တုံ့ပြန်ကိုင်တွယ်ခြင်း၊ သေဆုံးသူများကို ရှာဖွေကယ်ဆယ်ပြီး မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ခြင်း၊ မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းရင်းကို စုံစမ်းဖော်ထုတ်ခြင်းနှင့် သေဆုံးသူများ၏ မိသားစုများအား အစိုးရဗဟိုအဖွဲ့က အနည်းဆုံးငွေကြေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်နိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်ချက်ဇ်က  ပြောကြားခဲ့သည်။

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News