Myanmar Digital News

၂၀၂၆ ခုနှစ် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အထိမ်းအမှတ် အခမ်းအနား ကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၀

 

၂၀၂၆ ခုနှစ် အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအစီအစဉ် အခမ်းအနား (Indian Technical & Economic Cooperation (ITEC) Day-2026) ကို ယနေ့ ညနေ ၅ နာရီခွဲတွင် နေပြည်တော်ရှိ Park Royal Hotel ၌ ကျင်းပသည်။

 

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒေါက်တာကံဇော်၊ ဒေါက်တာချောချောစိန်၊ ဒေါက်တာစိုးဝင်း၊ ဒေါက်တာချာလီသန်းနှင့် ဦးထွန်းအုံ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Mr. Abhay Thakur နှင့် သံရုံးတာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ဆိုင်ရာ ရုပ်သံမှတ်တမ်းနှင့် ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ရုပ်သံမှတ်တမ်း Video Clip တို့ကို ဖွင့်လှစ်ပြသသည်။

 

အခမ်းအနားတွင် အိန္ဒိယနိုင်ငံ သံအမတ်ကြီးက အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (ITEC) အစီအစဉ်သည် ကမ္ဘာ့တောင်ဘက်ခြမ်း နိုင်ငံများနှင့် အိန္ဒိယနိုင်ငံတို့၏ ဖွံ့ဖြိုးတိုးတက်မှု မိတ်ဖက်ဆက်ဆံရေး၏ အဓိကမဏ္ဍိုင်ကြီးတစ်ခုအဖြစ် ရပ်တည်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံမှ သင်တန်းသားများအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ၁၀ နှစ်အတွင်း ITEC မှ ဖွင့်လှစ်သည့် ကာလတိုသင်တန်း စုစုပေါင်း ၄၀၅၇ ခုသို့ ပါဝင်တက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါ သင်တန်းများသည် အုပ်ချုပ်ရေး၊ ဥပဒေ၊ ခေါင်းဆောင်မှု၊ လုံခြုံရေး၊ ကျန်းမာရေး၊ ဒီဂျစ်တယ်နည်းပညာ၊ အင်္ဂလိပ်စာကျွမ်းကျင်မှု၊ စိုက်ပျိုးရေး၊ ငွေကြေးစီမံခန့်ခွဲမှုနှင့် အခြားသောပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ စသည့်ကဏ္ဍစုံကို လွှမ်းခြုံထားပြီး မြန်မာနိုင်ငံတစ်ဝန်း ကျွမ်းကျင်ပညာရှင်များ ပေါ်ထွန်းလာစေရန် အထောက်အကူပြုလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် အပြန်အလှန်လေးစားမှုနှင့် ရေရှည်တည်တံ့သော မိတ်ဖက်အဖြစ် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့အတူ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးက အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (ITEC) အစီအစဉ်သည် ၁၉၆၄ ခုနှစ် စက်တင်ဘာ ၁၅ ရက်တွင် စတင်ခဲ့သဖြင့် သက်တမ်းအရှည်ကြာဆုံးနှင့် နိုင်ငံတကာလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တစ်ခု အဖြစ် ရပ်တည်လျက်ရှိကြောင်း၊ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများကို မြန်မာနိုင်ငံသို့ ၁၉၉၆ ခုနှစ်မှ စတင်ပေးအပ်ခဲ့ရာ နယ်ပယ်အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် ခိုင်မာအားကောင်းလာစေရေးတွင် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း၊ ကာလတို၊ ကာလရှည် သင်တန်းများအပြင် မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ ပေးအပ် လျက်ရှိသည့်အပေါ် အသိအမှတ် ပြုပါကြောင်း၊ အိန္ဒိယနည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၏ အောင်မြင်မှုများ ဆက်လက်တည်ရှိနိုင်ရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ အိန္ဒိယနည်းပညာနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုအစီအစဉ် သင်တန်းသားဟောင်းများက ပညာသင်ကြားခဲ့မှု အတွေ့အကြုံများကို ရှင်းလင်းပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးများ၊ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများသည် အိန္ဒိယ ယဉ်ကျေးမှုအကအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကြပြီး ဂုဏ်ပြုညစာ အတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News