Myanmar Digital News

ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အပါအဝင် မြို့နယ်ခြောက်ခုမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား ဆန်၊ ဆီ ထောက်ပံ့ပေးအပ်

လွိုင်ကော် အောက်တိုဘာ ၃၀

 

ကယားပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာခဲ့ရသည့် လွိုင်ကော်မြို့နယ်၊ ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်နှင့် မော်ချီးဒေသတို့မှ ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ဆန်၊ ဆီထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် နေရပ်စွန့်ခွာ ပြည်သူစုစုပေါင်း ၆၆၁၈ ဦးတို့ အတွက် အိမ်ထောင်စုတစ်စုလျှင် ဆန်ခြောက်ပြည်၊ ဆီ ၅၀ ကျပ်သားနှုန်းဖြင့် ဆန်အိတ် ၅၆၀ နှင့် ဆီ ၁၁၂၁ ပိဿာ ထောက်ပံ့ပေးအပ်ခဲ့သည်။

 

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်က ပြည်နယ်အတွင်း အကြမ်းဖက်သောင်းကျန်းသူများကြောင့် မိမိတို့၏နေအိမ်များမှ ယာယီနေရပ်စွန့်ခွာလာခဲ့ကြရသည့် ပြည်သူများ လတ်တလောနေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အထောက်အကူပြုနိုင်ရန်၊ ပြည်သူများအတွက် စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးရန်နှင့် လိုအပ်ချက်များကို သိရှိပြီး အစိုးရတစ်ရပ်အနေနှင့် တတ်စွမ်းသမျှ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက် နေထိုင်သည့် ပြည်သူများစနစ်တကျ နေထိုင်နိုင်ရေးအတွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပြန်လည်ဝင်ရောက်နေထိုင်သည့် ရပ်ကွက်၊ ကျေးရွာများတွင် သောက်သုံးရေနှင့် လျှပ်စစ်မီးရရှိရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေး စသည့်ကဏ္ဍစုံဖွံ့ဖြိုး တိုးတက်ရေးနှင့် မိမိတို့၏မူလ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ဘက်ပေါင်းစုံမှကူညီ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိမိတို့ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တစ်ပြေးညီဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်သူများအားလုံးက လက်တွဲညီညီပူးပေါင်း ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်၊ ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့မှ ပြည်သူများအတွက် ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာကိုယ်စားလှယ်များက လက်ခံရယူကြသည်။

 

ထို့ပြင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့ ရွာတန်းရှည်ရပ်ကွက်၊ ပန်ကန်းကျေးရွာ၊ ဘုရားနီကျေးရွာ၊ ဒီးမော့ဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်နှင့် မော်ချီးဒေသတို့မှ ယာယီနေရပ် စွန့်ခွာပြည်သူများအတွက် ဆန်၊ ဆီများ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး တက်ရောက်လာကြသည့် နေရပ် စွန့်ခွာပြည်သူများက လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အချက်များတင်ပြမှုများအပေါ် သက်ဆိုင်ရာ ဌာနတာဝန်ရှိသူများက ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ဖြေကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

 

ပြည်နယ်(ပြန်/ဆက်)

မူရင်းသတင်း — Myanmar Digital News