နေပြည်တော် အောက်တိုဘာ ၃၀
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့သို့ တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၅၂၅ ဦး တက်ရောက်သဖြင့် ၉၃ ဒသမ ၇၅ ရာခိုင်နှုန်းရှိသည့်အတွက် အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ဘယ်လာရုစ်သမ္မတနိုင်ငံ အထက်လွှတ်တော် ဥက္ကဋ္ဌ မစ္စစ် နာတလျာ ကိုချန်နိုဗာ၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်မှ ၂၃ ရက် အထိ မိမိဦးဆောင်သည့် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ သွားရောက်ခဲ့သည့် တရားဝင်ခရီးစဉ်အတွင်း ဆောင်ရွက်မှုများနှင့် လွှတ်တော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် စာချွန်လွှာလက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြ၍ မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်၏ စက်မှုကဏ္ဍနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ မူဝါဒနှင့် လုပ်ငန်းတာဝန်များကို ပိုမိုတိကျစွာ ထင်ဟပ်ဖော်ပြနိုင်စေရန်၊ တည်ဆဲဥပဒေပြဋ္ဌာန်းချက်များနှင့် ဝေါဟာရအသုံးအနှုန်းများအကြား ညီညွတ်မှုရှိစေရန်၊ မြန်မာစာ၊ သဒ္ဒါ နိုင်ငံတကာ အသုံးအနှုန်းတို့အရ အဓိပ္ပာယ်ရှင်းလင်းတိကျစေရန်နှင့် အစိုးရဌာနများ၊ ပြည်သူလူထု၊ ပုဂ္ဂလိကကဏ္ဍနှင့် နိုင်ငံတကာအဖွဲ့အစည်းများအကြား ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုထိရောက်စေရန်အတွက် “စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” အား “စက်မှုနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန” အဖြစ် အမည်ပြောင်းလဲ သတ်မှတ်လိုခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတထံမှ ပြည်ထောင်စုလွှတ်တော်နာယကထံသို့ ပေးပို့ထားကြောင်း လွှတ်တော်သို့အသိပေးတင်ပြပြီး အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော် ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ဒီဇယ်ဆီ HSD (500 ppm) နှင့် သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို ထပ်မံတိုးမြှင့်ခွင့်ပြုနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင် က ၂ဝ၂၆ ခုနှစ် ဖေဖော်ဝါရီလတွင် စတင်ဖြစ်ပွားခဲ့သည့် အရှေ့အလယ်ပိုင်းဒေသပဋိပက္ခများကြောင့် အခြားဒေသတွင်း နိုင်ငံများနည်းတူ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံစားသောက်ကုန်နှင့် ကုန်စည်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် ဓာတ်အားထုတ်လုပ်မှု စရိတ်လျော့ကျစေရေးနှင့် အများပြည်သူအတွက် ဓာတ်အားခမြင့်တက်မှု မရှိစေရေး ထိန်းညှိဆောင်ရွက်ပေးရန် လိုအပ်နေဆဲဖြစ်ပါကြောင်း။
ထို့ကြောင့် စိုက်ပျိုးရေး၊ ကုန်စည်ပို့ဆောင်ရေး နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍများတွင် အဓိကအများဆုံး အသုံးပြုရသည့် ဒီဇယ်ဆီ HSD (500 ppm)အပေါ် ကောက်ခံသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်တို့ကို ၂ဝ၂၆ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍လည်းကောင်း၊ သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် ကောက်ခံသည့် ကုန်သွယ်လုပ်ငန်းခွန်ကို ၂ဝ၂၆ ခုနှစ် မေ ၁ ရက်မှ စတင်၍လည်းကောင်း ကင်းလွတ်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြဆောင်ရွက်ခဲ့ပါကြောင်း။
ထိုကဲ့သို့ အခွန်ကင်းလွတ်ခွင့်ပြုခဲ့သည့်အတွက် လယ်ယာကဏ္ဍ၊ ကုန်စည်သယ်ယူပို့ဆောင်ရေး ကဏ္ဍ၊ ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းများအတွက် အဓိကသွင်းအားစုများ၏ ကုန်ကျစရိတ်ကို လျှော့ချပေးနိုင်ခဲ့ပြီး အခြေခံစားသောက်ကုန်ဈေးနှုန်းနှင့် ကုန်စည်ဈေးနှုန်းများ ထိန်းညှိနိုင်ရန်အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်နှင့် သဘာဝဓာတ်ငွေ့ရည် (LNG) အပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်တို့ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၃၁ ရက်အထိ (၁)လ ထပ်မံ တိုးမြှင့်၍ ကင်းလွတ်ခွင့်ပြုပေးနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယက က အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ထို့နောက် ပလက်ဝ-ဇိုရမ်ပူရ်(၂)လမ်းသွားလမ်း ဖောက်လုပ်ခြင်းစီမံကိန်းအတွက် တင်သွင်းခဲ့သော မော်တော်ယာဉ် (၅) စီးအပေါ် ကျသင့်မည့် အထူးကုန်စည်ခွန်အား ကင်းလွတ်ခွင့်ပြုနိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်က ပလက်ဝ-ဇိုရမ်ပူရ်(၂) လမ်းသွားလမ်းဖောက်လုပ်ခြင်းစီမံကိန်းသည် ချင်းပြည်နယ် ပလက်ဝမြို့မှစတင်၍ မြန်မာ-အိန္ဒိယနယ်စပ် ဇိုရမ်ပူရ်အထိဖြစ်ပြီး စုစုပေါင်းလမ်းအရှည် ၁ဝ၉ ဒသမ ၂ဝ ကီလိုမီတာ (၆၇ ဒသမ ၈၆ မိုင်) ဖြစ်ပါကြောင်း၊ စီမံကိန်းတစ်ခုလုံး ၂၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း။
အဆိုပါစီမံကိန်းအား ၂၀၁၇ ခုနှစ် မေ ၃ ရက် တွင် စတင်ဆောင်ရွက်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ မြန်ဆန်ချောမွေ့စေရန်အတွက် ၂၀၁၈ ခုနှစ်တွင် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ကန်ထရိုက်တာဖြစ်သော C & C Construction Co., Ltd. ကိုယ်စား ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအမည်ဖြင့် စက်/ယာဉ်/ယန္တရားများအား ပြန်လျော့အကောက်ခွန်စနစ် (Drawback) ဖြင့် တင်သွင်းခဲ့ပါကြောင်း။
စီမံကိန်းအတွက် တင်သွင်းခဲ့သော စက်/ယာဉ်/ယန္တရားများအနက် မော်တော်ယာဉ်(၅)စီးသည် ပြည်တွင်းသုံးစွဲမှုစနစ်သို့ ပြောင်းလဲဆောင်ရွက်ရာတွင် “၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပုဒ်မ ၁၁၊ ပုဒ်မခွဲ(က)ပါ ဇယားအမှတ်စဉ် (၁၃)အရ” အထူးကုန်စည်ခွန် ၅ ရာခိုင်နှုန်းပေးဆောင်ရမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ပလက်ဝ-ဇိုရမ်ပူရ် (၂)လမ်းသွား လမ်းဖောက်လုပ်ခြင်း စီမံကိန်းအတွက် တင်သွင်းခဲ့သော မော်တော်ယာဉ် (၅) စီးအား ပြည်တွင်းသုံးစွဲမှုစနစ် (Home Consumption) အဖြစ် ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှပေးဆောင်ရမည့် အထူးကုန်စည်ခွန်အား ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် “၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပုဒ်မ ၃၇” ပါ ပြဋ္ဌာန်းချက်နှင့်အညီ ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။
အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က ပလက်ဝ-ဇိုရမ်ပူရ် (၂) လမ်းသွားလမ်းဖောက်လုပ်ခြင်း စီမံကိန်းသည် အိန္ဒိယနိုင်ငံ၏ အထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်သည့် စီမံကိန်းဖြစ်ပါကြောင်း၊ အဆိုပါစီမံကိန်းအတွက် Drawback စနစ်ဖြင့် တင်သွင်းခဲ့သည့် မော်တော်ယာဉ် (၅) စီးကို လက်ရှိအခြေအနေအရ ပြန်လည်တင်ပို့နိုင်ခြင်း မရှိသည့်အတွက် ပြည်တွင်းသုံးစွဲမှုစနစ်သို့ ပြောင်းလဲဆောင် ရွက်မည်ဖြစ်သဖြင့် မူလတင်သွင်းစဉ်က မကျသင့်ခဲ့သည့် အထူးကုန်စည်ခွန်များကို ပြန်လည်ပေးဆောင်ရမည်ဖြစ်ပါကြောင်း။
သို့သော်လည်း အဆိုပါစီမံကိန်းသည် အိန္ဒိယနိုင်ငံက အထောက်အပံ့အဖြစ် ပေးအပ်သည့် စီမံကိန်းဖြစ်ခြင်း၊ မော်တော်ယာဉ်များကို ပြည်ပသို့ပြန်လည်တင်ပို့ခြင်းမပြုတော့ဘဲ ပြည်တွင်းသုံးစနစ်သို့ ပြောင်းလဲအသုံးပြုမည်ဖြစ်ခြင်းတို့ကြောင့် ကျသင့်မည့် အထူးကုန်စည်ခွန်ကို ကင်းလွတ်ခွင့်ပြုရန် လိုအပ်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ မော်တော်ယာဉ် (၅) စီးအပေါ် ကျသင့်မည့် အထူးကုန်စည်ခွန်အား ကင်းလွတ်ခွင့် ပြုနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏အခွန် အကောက်ဥပဒေပုဒ်မ ၃၇ နှင့်အညီ ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုချက်ရယူပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
ယင်းနောက် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက ပြည်ထောင်စုလွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှစ်ပတ်လည် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၁/၂၀၂၆) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် က မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးမြင့်စန်း၏ အကြံပြုချက်နှင့်စပ်လျဉ်း၍ MSME လုပ်ငန်းများ၏ ကုန်ကြမ်းလိုအပ်ချက်၊ ပြည်တွင်းကုန်ကြမ်းရရှိနိုင်မှုနှင့် ကုန်ကြမ်းဝယ်ယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ကဏ္ဍအလိုက် စာရင်းကောက်ယူစိစစ်ပြီး ပြည်တွင်းကုန်ကြမ်းထုတ်လုပ်သူများ၊ ကုန်သည်များနှင့် ကုန်ထုတ်လုပ်ငန်းများအကြား ချိတ်ဆက်ပေးခြင်း၊ ကုန်ကြမ်းပေးသွင်းမှု ကွင်းဆက်ဖွံ့ဖြိုးလာစေရန် ပံ့ပိုးခြင်းနှင့် သက်ဆိုင်ရာဌာနများသို့ တင်ပြ ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ငွေကြေးရရှိရေးနှင့်စပ်လျဉ်းပြီး လုပ်ငန်းလည်ပတ်ငွေ၊ စက်ပစ္စည်းဝယ်ယူငွေနှင့် ရင်းနှီးမြှုပ်နှံငွေ လိုအပ်ချက်များကို စိစစ်ပြီး ဘဏ်များနှင့် သက်ဆိုင်ရာ ငွေကြေးထောက်ပံ့ရေး အစီအစဉ်များကို လက်လှမ်းမီစေရန် လမ်းညွှန်ချိတ်ဆက်ပေးသွားမည်ဖြစ်ပါကြောင်း၊ သို့ရာတွင် ချေးငွေထုတ်ပေးခြင်းနှင့် ငွေကြေးထောက်ပံ့ခြင်းတို့မှာ သက်ဆိုင်ရာဘဏ်နှင့် ရန်ပုံငွေစည်းမျဉ်းများ အပေါ်၌ မူတည်မည်ဖြစ်ပါကြောင်း။
ထို့ပြင် စက်မှုဇုန်နှင့် MSME လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အားနှင့် စွမ်းအင်လိုအပ်ချက်များကို သက်ဆိုင်ရာဒေသအလိုက် စုစည်းတင်ပြပြီး လျှပ်စစ်ဓာတ်အားရရှိမှုတိုးတက်စေရေး၊ စွမ်းအင်သုံးစွဲမှု ထိရောက်စေရေးနှင့် လုပ်ငန်းလည်ပတ်မှု၊ ထိခိုက်မှု လျော့နည်းစေရေးတို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ MSME လုပ်ငန်းရှင်များ၏ ကုန်အမှတ်တံဆိပ်၊ ထုတ်ကုန်ဒီဇိုင်းတီထွင်မှုနှင့် အခြားဉာဏပစ္စည်း မူပိုင်ခွင့်များကို သက်ဆိုင်ရာဥပဒေများနှင့်အညီ ကာကွယ်နိုင်ရေးအတွက် မှတ်ပုံတင်လျှောက်ထားခြင်းဆိုင်ရာ အသိပညာပေးခြင်း၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းလမ်းညွှန်ပေးခြင်းနှင့် သက်ဆိုင်ရာ မူပိုင်ခွင့်ဌာနများ၊ သက်ဆိုင်ရာဥပဒေများနှင့်အညီ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့်လည်း အသေးစား၊ အငယ်စား၊ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ရန်ပုံငွေထူထောင်ပြီး လုပ်ငန်းလည်ပတ်ရန် လိုအပ်ချက်များ၊ နည်းပညာဆိုင်ရာ ကိစ္စများကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စရပ်များတွင် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၈) ဦးကြည်လင်းထက်၏ အကြံပြုချက်နှင့်စပ်လျဉ်း၍ နိုင်ငံ၏စီးပွားရေးတွင် လယ်ယာကဏ္ဍသည် အခြေခံကဏ္ဍဖြစ်ပြီး လယ်ယာကဏ္ဍတွင် Primary Commodity ဟုခေါ်သည့် အခြေခံကုန်စည်များ ပါဝင်သည့်အတွက် လယ်ယာအခြေခံစက်မှုလုပ်ငန်းများ တိုးတက်လာပါက လယ်ယာကဏ္ဍတိုးတက်သကဲ့သို့ စက်မှုကဏ္ဍတွင်လည်း တိုးတက်လေ့ရှိပါကြောင်း၊ GDP တွင် လယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့၏ ပါဝင်မှုများ လျော့နည်းခြင်း၊ မြင့်တက်ခြင်းတွင် အဆိုပါကဏ္ဍများ၏ တိုးတက်မှုလျော့နည်းခြင်း မဟုတ်ဘဲ ကဏ္ဍ၏ပါဝင်မှုပြောင်းလဲခြင်း၊ တစ်နည်းအားဖြင့် စီးပွားရေးပုံသဏ္ဌာန် ပြောင်းလဲခြင်းသာ ဖြစ်ပါကြောင်း၊ အဆိုပါကဏ္ဍ ၃ ခုအနက် ကဏ္ဍတစ်ခုခုမှ တိုးတက်မှုနှုန်း လျော့နည်းမှသာ အဆိုပါ ကဏ္ဍ၏ GDP လျော့နည်းမည်ဖြစ်ပါကြောင်း၊ ကဏ္ဍကြီးများ၏ ပါဝင်မှုလျော့နည်းခြင်းကြောင့် Aggregate Expenditure တွင် ဖော်ပြသကဲ့သို့ လယ်ယာကဏ္ဍ၏ ထုတ်လုပ်မှုကျဆင်းခြင်းမဟုတ်ပါကြောင်း။
တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် အမှတ်(၁၀) ဦးသန်းအေး(ခ) ဦးတင်ဦး၏ အကြံပြုချက်နှင့်စပ်လျဉ်း၍ စီးပွားရေးဆိုင်ရာများအပြင် လူမှုရေးဆိုင်ရာများ ထည့်သွင်းဖော်ပြနိုင်ရေးနှင့်စပ်လျဉ်းပြီး ၂၀၂၅-၂၀၂၆ အမျိုးသား စီမံကိန်းနှစ်ပတ်လည်အစီရင်ခံစာ စာမျက်နှာ (၁၇၊ ၁၈)တွင် လူမှုရေးဆိုင်ရာ အချက်အလက်များကို ထည့်သွင်းထားရှိပြီးဖြစ်ပါကြောင်း၊ လူမှုရေးဆိုင်ရာ အချက်အလက်အများစုပါဝင်သည့် SDG Indicator Report ကို နှစ်စဉ် Update ပြုလုပ်ထားပြီး အဆိုပါ SDG အစီရင်ခံစာတွင် လူမှုရေးဆိုင်ရာ အချက်အလက်များပါရှိပြီး ဖြစ်သည့်အတွက် လူမှုရေးဆိုင်ရာ အချက်အလက်များကို အဆိုပါအစီရင်ခံစာတွင် ရရှိနိုင်ပါကြောင်း။
ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စား လှယ်အမှတ်(၁၁) ပီကျိန်ငိုက်မန်၏ အကြံပြုချက်နှင့် စပ်လျဉ်း၍ ချင်းပြည်နယ်အတွင်း ဒေသအလိုက် အားသာချက်နှင့် အလားအလာရှိသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဖော်ထုတ်၍ ဦးစားပေးစီမံကိန်းများ ချမှတ်သင့်ကြောင်းနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်းပေးရေးနှင့်စပ်လျဉ်း၍ ချင်းပြည်နယ်အတွင်း မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တိရစ္ဆာန်ကျန်းမာရေးကာကွယ် စောင့်ရှောက်ပေးခြင်း၊ နည်းပညာပံ့ပိုးပေးခြင်း၊ အရင်းအနှီးပံ့ပိုးပေးခြင်း၊ မျိုးရရှိရေး စီမံဆောင်ရွက်ပေးခြင်း၊ သင်တန်းပေးခြင်း၊ ဒေသစားရေရိက္ခာဖူလုံရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေးတို့ကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပိုးချည်ကဏ္ဍ ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် နိုင်ငံတော်မှလိုအပ်ချက်များ ပံ့ပိုးပေးခြင်း၊ ဌာနပိုင် ပိုးစာခြံများမှ တောင်သူများအား နည်းပညာပေးခြင်းနှင့် ပိုးထွက်ထုတ်ကုန်များ ဈေးကွက်ရောင်းချနိုင်သည်အထိ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
ကြည့်မြင်တိုင်မဲဆန္ဒနယ်မှ ဦးခင်လှိုင်၏ အကြံပြုချက်နှင့်စပ်လျဉ်း၍ လက်ရှိတွင် ဌာနဆိုင်ရာ အသီးသီး၌ ဌာနတွင်းစာရင်းစစ်အဖွဲ့ကို သီးခြားဖွဲ့စည်းပြီး လွတ်လပ်စွာဖွဲ့စည်းစစ်ဆေးခြင်း၊ ဝန်ကြီးဌာနအတွင်း ဦးစီးဌာနအချင်းချင်း အပြန်အလှန်စစ်ဆေးခြင်း၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီ ရင်ခံရေးဦးစီးဌာနက မြေပြင်ကွင်းဆင်းစစ်ဆေးပြီး စီမံကိန်းများ အကောင်အထည်ဖော်မှု အခြေအနေကို (၃) လပတ်အလိုက် အချိန်နှင့်တစ်ပြေးညီ အစီရင်ခံခြင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှလည်း Real Time Audit စနစ်ဖြင့် စစ်ဆေးလျက်ရှိခြင်း စသည့် Check၊ Recheck၊ Counter Check ပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါသဖြင့် လမ်းစဉ်ပါတီခေတ် ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွဲ့ကဲ့သို့ သီးခြားအဖွဲ့ အစည်းတစ်ခုဖွဲ့စည်းရန် မလိုအပ်ပါကြောင်း၊ စာရင်းများစုစည်းရာ၌ အထက်အောက် ဘေးတိုက်စုစည်းမှု များဖြင့် ဆောင်ရွက်လျက်ရှိသည့်အပြင် ဌာနများမှ ကောက်ခံထားသည့် စစ်တမ်း (Survey) များ၊ လေ့လာမှု (Case Study) များကို အခြေခံ၍ ကိန်းဂဏန်းစုစည်းမှုများ ရယူလျက်ရှိပါကြောင်း။
မလှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်သူ၏ အကြံပြုချက်နှင့်စပ်လျဉ်း၍ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးအနေဖြင့် အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ် (Public Transportation) ကို နိုင်ငံတော်၏လုပ်ငန်းတစ်ရပ်အနေဖြင့် ဆောင်ရွက်ရသောဌာနဖြစ်ပြီး နိုင်ငံတော်၏ ပို့ဆောင်ရေးကဏ္ဍကို အထောက်အကူပြုနိုင်စေရန် အခြားသောပုဂ္ဂလိက ရေယာဉ်များနှင့် ယှဉ်ပြိုင်ပြေးဆွဲခဲ့ပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အကျိုးအမြတ်ရရှိမှုကို ဦးစားပေး ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ ပြည်သူများ၏ လမ်းပန်းဆက်သွယ်သွားလာမှု အဆင်ပြေချောမွေ့စေရေး၊ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေး၊ စရိတ်စက သက်သာစေရေးတို့အတွက် အဓိကရည်ရွယ်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဌာနအနေဖြင့် လျာထားဝင်ငွေပြည့်မီစေရေးအတွက် ဌာနပိုင်သင်္ဘောကျင်းများတွင် ပုဂ္ဂလိကရေယာဉ်များကို အသစ်တည်ဆောက်ပေးခြင်း၊ လွန်းတင်ပြင်ဆင်ပေးခြင်းဖြင့် ဝင်ငွေပိုမိုရရှိအောင် ဆောင်ရွက်ခြင်း၊ ဌာနပိုင်ဇက်ရေယာဉ်တစ်စင်း အား ၂၀၂၅ ခုနှစ် စက်တင်ဘာလမှစတင်ကာ Public Private Partnership - PPP ၏ နည်းလမ်းတစ်ခုဖြစ်သည့် Renovate Operate Transfer - ROT နည်းလမ်းဖြင့် အကျိုးတူပူးပေါင်း၍ ကမ်းရိုးတန်းသွားကုန်တင်ရေယာဉ်အဖြစ် အကြီးစားပြုပြင်ပြီး ဝင်ငွေရှာဖွေပေးနိုင်ခဲ့ခြင်းတို့ကြောင့် သတ်မှတ်ပေးထားသော ဝင်ငွေရှာဖွေရမည့် ပမာဏထက် ပြည့်မီကျော်လွန်အောင် ရှာဖွေပေးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် ရထားပို့ဆောင်ရေးလုပ်ငန်းသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်း (Public Transportation) ဖြစ်သည့်အတွက် နိုင်ငံတကာတွင် အစိုးရမှ အရှုံးခံပြေးဆွဲပေးနေသော လုပ်ငန်းဖြစ်ပါကြောင်း၊ ကုန်ကျစရိတ်နှင့် ဝင်ငွေအချိုးသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ၇၀၀ ဒသမ ၂၅ ရာခိုင်နှုန်းရှိရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ၃၂၆ ဒသမ ၉၂ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါကြောင်း၊ လာမည့် ဘဏ္ဍာရေးနှစ်များတွင်လည်း ကုန်ကျစရိတ်နှင့် ဝင်ငွေအချိုးလျှော့ချနိုင်ရေး စီမံဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်းရေကြောင်းပို့ဆောင် ရေးနှင့် ရထားပို့ဆောင်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နိုင်ငံတော်မှ အရှုံးသက်သာစေရေး နည်းလမ်းရှာဖွေ ဆောင်ရွက်လျက်ရှိပါကြောင်း။
ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးဟံသာဝင်း၏ အကြံပြုချက်နှင့်စပ်လျဉ်း၍ စီမံကိန်းများရေးဆွဲရာတွင် သက်ဆိုင်ရာဒေသရှိ ပြည်သူများ၏လိုလားချက်၊ အမှန်တကယ်လိုအပ်ချက်နှင့် ရေရှည်လူမှု စီးပွားအကျိုးရရှိမှုတို့အပေါ် အခြေပြု၍ ဦးစားပေးအစီအစဉ်များဖြင့် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အမှန်လုပ်သင့်လုပ်ထိုက်သည့် ကိစ္စရပ်များကို ကိုယ်စားလှယ်များ၏ တင်ပြချက်များအပေါ်၌ စီမံကိန်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
သို့ပါ၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁/၂၀၂၆)ပါ အကြံပြုချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ ကိုအလေးထားပြီး ပိုမိုပြည့်စုံကောင်းမွန်သည့် အစီရင်ခံစာဖြစ်လာစေရေးအတွက် အစဉ်ကြိုးပမ်း လျက်ရှိပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသားစီမံကိန်းနှစ်ပတ်လည် အစီရင်ခံစာကို မှတ်တမ်းတင်ပေးနိုင်ပါရန် အဆိုတင်သွင်းအပ်ပါ ကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ(၁/၂၀၂၆)ကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ(၂) အောင်မြေသာစံမဲဆန္ဒနယ်မှ ဦးတေဇကျော်က အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော်နာယက က လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့် အတည်ပြုကြောင်းနှင့် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်းနှင့် နှစ်ပတ်လည်အစီရင်ခံစာ ကို လွှတ်တော်ကမှတ်တမ်းတင်ကြောင်း ကြေညာသည်။
ဆက်လက်၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၂/၂၀၂၆) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အစီရင်ခံစာအပိုဒ် ၁၆ (ဃ) နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဖွဲ့အစည်းများအနေဖြင့် အဆောက်အဦ၊ ဆိုင်ခန်း၊ မြေငှားရမ်းခနှုန်းထားများ ခေတ်နှင့်အညီဖြစ်စေရန် စာချုပ်စာတမ်းများအား ပြန်လည်သုံးသပ်ပြီး နှုန်းထားများ ကာလပေါက်ဈေးနှင့်အညီ တိုးမြှင့်လာပါက နိုင်ငံတော်၏ဝင်ငွေ တိုးမြင့်လာနိုင်သည်သာမက ယင်းတန်ဖိုးများအပေါ်တွင် တံဆိပ်ခေါင်းခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်များကို ဥပဒေနှင့်အညီ တိုးတက်ကောက်ခံ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အခွန်နှုန်းထားတိုးမြှင့်ခြင်းမပြုဘဲ အခွန်အခြေ ကျယ်ပြန့်၍ အခွန်အခများ တိုးတက်ရရှိလာနိုင်မည် ဖြစ်ပါသဖြင့် သုံးသပ်ချက်များအပေါ် ထောက်ခံပါကြောင်း။
အစီရင်ခံစာ အပိုဒ် ၁၆(ဃ)နှင့် အပိုဒ် ၁၇ (ဌ) စပ်လျဉ်း၍ ပြည်ပနိုင်ငံများရှိ လုပ်ငန်းများမှ ကောက်ခံရရှိသည့် နိုင်ငံခြားငွေများဖြစ်သော လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဗီဇာခရငွေ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမှုမှရငွေ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ ဝင်ငွေခွန်ရငွေနှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံကူးလက်မှတ်ခရငွေတို့ကို ပြည်ပရှိသံရုံးများ၏ ယာယီငွေစာရင်းတွင် ထည့်သွင်းထားပါကြောင်း၊ ယာယီငွေစာရင်းတွင် ထည့်သွင်းထားသည့် ငွေများအား ပြန်လည်လွှဲမပို့မီ ဌာန၊ အဖွဲ့အစည်းများ၏ နိုင်ငံခြားငွေဖြင့် ပေးချေရမည့် အချို့အသုံးစရိတ်များအား အဆိုပါယာယီငွေစာရင်းတွင် ထည့်သွင်းထားသည့်ငွေမှ ကျခံသုံးစွဲရန် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနသို့ ခွင့်ပြုမိန့်တောင်းခံလာပါက စိစစ်ပြီး ခွင့်ပြုပေးလျက် ရှိပါကြောင်း၊ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ယာယီငွေစာရင်းမှ ကျခံသုံးစွဲမည့်အသုံးစရိတ်အား တစ်ဖက်အဖွဲ့အစည်းသို့ လွှဲပြောင်းပေးချေပြီးပါက ယင်းနိုင်ငံခြားငွေနှင့်ညီမျှသော မြန်မာကျပ်ငွေအား သက်ဆိုင်ရာ ဝင်ငွေရရှိသည့်ဌာန၏ ငွေစာရင်းသို့ ပေးသွင်းရပါကြောင်း၊ ဝင်ငွေရရှိသည့် ဌာနများအနေဖြင့် အဆိုပါပေးသွင်းလာသည့် ငွေများအား သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်၏ ရငွေစာရင်းတွင် ဖော်ပြဆောင်ရွက်လျက်ရှိပါကြောင်း။
အစီရင်ခံစာ အပိုဒ် ၁၇(က)နှင့်စပ်လျဉ်း၍ ရငွေ၊ သုံးငွေများ စိစစ်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများအား အရအသုံး ခန့်မှန်းခြေငွေစာရင်းများ ရေးဆွဲနိုင်ရေးအတွက် ဘတ်ဂျက်အမှာစာနှင့် အရအသုံးခန့်မှန်းခြေ ငွေစာရင်းများရေးဆွဲရာတွင် လိုက်နာဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို နှစ်စဉ်ထုတ်ပြန်ပြီး အဆိုပါညွှန်ကြားချက်များနှင့်အညီ အရအသုံးခန့်မှန်း ခြေငွေစာရင်းများကို စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း။
အစီရင်ခံစာ အပိုဒ် ၁၇ (ခ) နှင့် စပ်လျဉ်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် (ယာယီအမှန်စာရင်း) တွင် ကုန်သွယ်မှုစာရင်းအရ နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းပေါင်း (၃၀) ခု (မြန်မာနိုင်ငံတော်ဗဟို ဘဏ်အပါ) ရှိသည့်အနက် အမြတ်ပေါ်သည့် အဖွဲ့အစည်း(၂၃)ခု၊ အရှုံးပေါ်သည့်အဖွဲ့အစည်း(၇)ခု ရှိပါကြောင်း၊ မြန်မာ့မီးရထား၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့် မြန်မာအမျိုးသားလေကြောင်းတို့သည် ဘဏ္ဍာရေးအခြေအနေအရ အရှုံးဖြစ်ပေါ်နေသော်လည်း ပြည်သူများအတွက် လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်စီးဆင်းမှုများအတွက် မှီခိုအားထားရာ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းဖြစ်ပါသဖြင့် အရှုံးလျော့နည်း၍ လုပ်ငန်းစွမ်းဆောင်ရည် ကောင်းမွန်မှုရှိလာစေရန် သက်ဆိုင်ရာဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် အရှုံးဖြစ်ပေါ်ရခြင်းမှာ နိုင်ငံခြားသို့သစ်အလုံးလိုက် တင်ပို့မှုမရှိခြင်း၊ သစ်ထုတ်လုပ်မှုများ ကျဆင်းခဲ့၍ ဝင်ငွေကျဆင်းခဲ့ခြင်း၊ သစ်ထုတ်လုပ်မှုစရိတ်များ တိုးမြင့်လာခြင်းနှင့် ၎င်း၏လုပ်ငန်းဆောင်ရွက်မှုရငွေသည် ဆောင်ရွက်မှုကုန်ကျစရိတ်ကိုပင် ကာမိနိုင်မှု မရှိခြင်းတို့ကြောင့် သက်ဆိုင်ရာဝန်ကြီးဌာနက အရှုံးလျော့နည်း၍ အမြတ်ပေါ်ပေါက်စေရန် မူဝါဒချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့် အရှုံးဖြစ်ပေါ်နေသည့် အဖွဲ့ အစည်း(၃)ခု၏ နိုင်ငံပိုင်စက်ရုံအချို့ကို ပုဂ္ဂလိကသို့ငှားရမ်းခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း၊ အကျိုးတူဆောင်ရွက်ရန် ဖိတ်ခေါ်ထားခြင်းများ ဆောင်ရွက်၍ အရှုံးဖြစ်ပေါ်နေမှုကို သက်သာစေရန် ဆောင်ရွက်လျက်ရှိပါကြောင်း။
အစီရင်ခံစာ အပိုဒ် ၁၇ (ဂ) နှင့် စပ်လျဉ်း၍ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေ ငွေစာရင်းတင်ပြချိန်တွင် ကြွေးမြီနှင့် GDP အချိုး တွက်ချက်နိုင်ရန် ကြွေးမြီလက်ကျန်အား ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြသွားမည် ဖြစ်ပါကြောင်း။
အစီရင်ခံစာ အပိုဒ် ၁၇ (ဃ) နှင့် အပိုဒ် ၁၇ (င) တို့နှင့် စပ်လျဉ်း၍ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေများသည် BE ၏ ၁၀ ရာခိုင်နှုန်းအထက် တောင်းခံရခြင်းသည် ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်ရန်၊ အကြမ်းဖက်သမားများ ဖျက်ဆီးခဲ့သည့် စက်ရုံ၊ အလုပ်ရုံများ၊ လမ်း/တံတားနှင့်ကျောင်း၊ အဆောက်အဦများပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ရန် သုံးစွဲရခြင်းကြောင့် ဖြစ်ပါကြောင်း။
အစီရင်ခံစာ အပိုဒ် ၁၇ (စ) နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဘဏ္ဍာရေးနှစ်၏ အရအသုံးခန့်မှန်းခြေ ငွေစာရင်းတွင် ခွင့်ပြုထားသော ရန်ပုံငွေဖြင့် မလုံလောက်ခြင်းကြောင့် ထပ်မံလိုအပ်သော အသုံးစရိတ်များကို မူလခွင့်ပြုငွေအတွင်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းနှင့် အထွေထွေပိုလျှံရန်ပုံငွေ (GRF) မှ လွှဲပြောင်းသုံးစွဲခြင်းတို့ကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရန်ဖြစ်ပြီး မဖြစ်မနေလိုအပ်မှသာ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံရန်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများသို့ နှစ်စဉ်ဖြည့်စွက်ခွင့်ပြု ငွေတောင်းခံခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်သည့်အမှာစာတွင် တစ်ပါတည်း ထည့်သွင်းအကြောင်းကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့ပြင် ဖြည့်စွက်ခွင့်ပြုငွေများကို စိစစ်ရာတွင်လည်း ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေများကို အဆိုပါညွှန်ကြားချက်နှင့်အညီ စိစစ်ဆောင်ရွက်ခြင်း ဖြစ်ပါကြောင်း။
အစီရင်ခံစာ အပိုဒ် ၁၇ (ဆ) နှင့် စပ်လျဉ်း၍ နိုင်ငံတော်၏ အခွန်ရငွေတွင် အများဆုံးပါဝင်လျက် ရှိသည့် ပြည်တွင်းအခွန်များဦးစီးဌာန၏ အခွန်ရငွေများ တိုးတက်ကောက်ခံရရှိရေးအတွက် အခွန်နှုန်းကိုမတိုးမြှင့်ဘဲ အခွန်အခြေနှင့် အခွန်နယ်ပယ် (Tax Base) ကို ချဲ့ထွင်ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အခွန်ပေးဆောင်ထိုက်သော ဝင်ငွေရှိသည့်သူအားလုံးက မိမိတို့ကိုယ်တိုင်အခွန် တွက်ချက်ပေးဆောင်စေနိုင်သည့်(Self Assessment System-SAS) ကိုယ်တိုင်စည်းကြပ်သည့် အခွန်စနစ်ကို ကျင့်သုံးသည့်ရုံးများ တိုးချဲ့အသုံးပြုနိုင်ရေး ပြုပြင်ပြောင်းလဲမှုများကို စီမံချက်ချမှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါစနစ်ကို မြို့နယ်ရုံးများအထိ ကျင့်သုံးနိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သော အခွန်အသိပညာပေးခြင်းလုပ်ငန်း (Tax Awareness Campaign) များကို ရက်(၁၀၀) ကာလအတွင်း တိုင်းဒေသကြီး/ ပြည်နယ် (၆) ခုတွင် တစ်ပြိုင် တည်းဆောင်ရွက်ခဲ့ပြီး ပညာပေးလုပ်ငန်းများကို နှစ်အလိုက် အစီအစဉ်ချမှတ်ကာ ဆောင်ရွက်လျက်ရှိကြောင်း။
အစီရင်ခံစာ အပိုဒ် ၁၇ (ဇ)နှင့် အပိုဒ် ၁၇ (ဈ)တို့နှင့်စပ်လျဉ်း၍ နှစ်စဉ်အရအသုံး ခန့်မှန်းခြေငွေစာရင်းရေးဆွဲရာတွင် လိုက်နာရမည့်ညွှန်ကြားချက်၌ နှစ်အတွင်း အမှန်တကယ်ဆောင်ရွက်ပြီးစီးနိုင်မည့် လုပ်ငန်းပမာဏကိုသာ လျာထားဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပစ္စည်းဝယ်ယူရေးလုပ်ငန်းစဉ်များကို အချိန်မီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၏ အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်းတို့နှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ရန် ညွှန်ကြားခဲ့ပါကြောင်း။
အစီရင်ခံစာ အပိုဒ် ၁၇ (ည) နှင့် စပ်လျဉ်း၍ “၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အရအသုံးခန့်မှန်း ခြေငွေစာရင်းရေးဆွဲခြင်းအတွက် နိုင်ငံခြားငွေ လဲလှယ်နှုန်း (Budgetary Assumption Rate) အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲလှယ်နှုန်းဖြစ်သော အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၂၁၀၀ နှုန်းဖြင့်သာ တွက်ချက်ခြင်းဖြစ်ပါကြောင်း၊ စီမံကိန်းအလိုက် ရည်မှန်းချက်လုပ်ငန်းတာဝန်များ အချိန်မီပြီးစီးရန်နှင့် နိုင်ငံ့ဘဏ္ဍာငွေများ အလဟဿ ဆုံးရှုံးခြင်းမဖြစ်ပေါ်စေရန်အတွက် ဘဏ္ဍာရေးမူဝါဒ (Fiscal Policy) ကို နိုင်ငံတော်၏မူဝါဒနှင့်အညီ နှစ်စဉ်ပြောင်းလဲပြင်ဆင်ရေးဆွဲလျက်ရှိပြီး ဦးစားပေးကဏ္ဍ၊ ဦးစားပေးအစီအစဉ်များပြောင်းလဲ၍ ရေးဆွဲလျက်ရှိပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများအနေဖြင့်လည်း ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း၊ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာသွားရန် လိုအပ်ပါကြောင်း။
အစီရင်ခံစာ အပိုဒ် ၁၇ (ဋ) နှင့် စပ်လျဉ်း၍ ပြည်ပချေးငွေဖြင့် စီမံကိန်း/လုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံကိန်းအကောင်အထည်ဖော်မည့် ဌာန/အဖွဲ့အစည်းအနေဖြင့် စီမံကိန်းဖြစ်မြောက်နိုင်စွမ်း လေ့လာမှုကာလအတွင်း၌ သက်ဆိုင်ရာ မြီရှင် နိုင်ငံ/အဖွဲ့အစည်းများ၏ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်ပါကြောင်း၊ သက်ဆိုင်ရာချေးငွေထုတ်ယူ သုံးစွဲသည့် ဌာန/အဖွဲ့အစည်းများအနေဖြင့် စီမံကိန်းအလိုက် အကောင်အထည်ဖော်မည့် လုပ်ငန်းအစီအစဉ် (Work Plan) အပေါ်မူတည်၍ ချေးငွေစာချုပ်ပါ ချေးငွေထုတ်ယူမည့် ကာလအတွင်း ချေးငွေထုတ်ယူသုံးစွဲမည့်အစီအစဉ် (Disbursement Plan) ကို ရေးဆွဲပါကြောင်း၊ ချေးငွေဖြင့်ဆောင်ရွက်သည့် စီမံကိန်းများ ကြီးကြပ်နိုင်ရန်အတွက် သက်ဆိုင်ရာ ချေးငွေသုံးစွဲသည့် ဌာန/အဖွဲ့အစည်းများက Project Management Unit (PMU) Project Implementation Unit(PIU) တို့ ဖွဲ့စည်းထားရှိ ဆောင်ရွက်ပါကြောင်း။
ဘဏ္ဍာငွေအရအသုံးဆိုင်ရာ အစီရင်ခံစာနှင့် ဘတ်ဂျက်ရေးဆွဲခြင်းတွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ရေးဆွဲသုံးသပ်ခြင်းဖြစ်ပြီး ကဏ္ဍအလိုက်ရေးဆွဲခြင်း မဟုတ်ပါကြောင်းနှင့် အမျိုးသားစီမံကိန်းရေးဆွဲရာတွင် ကဏ္ဍအလိုက်ရေးဆွဲခြင်း ဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းလျာထားမှုနှင့် အမှန်တကယ်သုံးစွဲမှုများကို သုံးသပ်ဖော်ပြခြင်းဖြစ်ပါကြောင်းနှင့် အဆိုပါအစီရင်ခံစာကို ပြည်ထောင်စု၏ဘဏ္ဍာငွေအရ အသုံးရေးဆွဲတင်ပြခြင်းဆိုင်ရာ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ တင်ပြခြင်းဖြစ်ပါကြောင်း၊ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းတွင်လည်း မူလခန့်မှန်းခြေငွေစာရင်းပါ လျာထားငွေများအား ဈေးနှုန်းပြောင်းလဲခြင်း၊ နေရာဒေသအခြေအနေအရ မဆောင်ရွက်နိုင်ခြင်းကြောင့် ပိုငွေဖြစ်ပေါ်ခြင်းကိုသာ ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းဖြစ်ပါကြောင်း၊ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာတွင် အရင်းပြန်ဆပ်ငွေကို ကြွေးမြီအသုံးစရိတ်တွင်လည်းကောင်း အတိုးပေးငွေကို သာမန်အသုံးစရိတ်တွင်လည်းကောင်း သီးခြားထည့်သွင်းဖော်ပြထားပါကြောင်း။
သို့ဖြစ်ပါ၍ ပြည်သူ့ငွေစာရင်းပူးပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ အမှတ်စဉ် (၂/၂၀၂၆) အပေါ် သဘောထားမှတ်ချက်များနှင့် ဆွေးနွေးချက်များ အပေါ်မှတ်သားထားရှိ၍ ဆက်လက်သုံးသပ်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် အဆိုပါ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာ(၂/၂၀၂၆) ကို လွှတ်တော်က သဘောတူလက်ခံရန် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀) ဦးချစ်ဆွေက အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ သဘောထားရယူရာ သဘောတူသဖြင့် အတည်ပြုကြောင်းနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
ယင်းနောက် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကို ရပ်နားလိုက်ပြီး အစည်းအဝေးအဋ္ဌမနေ့ကို နိုဝင်ဘာ ၃ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်