Myanmar Digital News

ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း)၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာသင်တန်း အမှတ်စဉ် (၂၀ )သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၃၀

 

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသား လူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(စစ်ကိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် A.G.T.I ဒီပလိုမာ သင်တန်းအမှတ်စဉ်(၂၀) သင်တန်းဆင်းပွဲနှင့် အလုပ်ခန့်အပ်လွှာပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဒီဂရီကောလိပ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

 

အဆိုပါကောလိပ် စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အချိန်ထိ ဝိဇ္ဇာဘွဲ့ ၇၆၅ ဦး၊ သိပ္ပံဘွဲ့ ၁၃၂၉ ဦး၊ နည်းပညာ B.Tech ဘွဲ့ ၁၃၉ ဦး၊ အင်ဂျင်နီယာဒီပလိုမာ ၁၀၂၇ ဦး စုစုပေါင်း ၃၂၆၀ ကို ပြုစုပျိုးထောင် မွေးထုတ်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် သက်ဆိုင်ရာဝန်ကြီးဌာနများမှ အားပေးထောက်ပံ့လေ့ကျင့် သင်ကြားပေးမှု၊ ကျောင်းသားကျောင်းသူများ၏ စဉ်ဆက်မပြတ် ကြိုးစားအားထုတ်လေ့လာမှုများကြောင့် ယခုအခါ မဟာဝိဇ္ဇာဘွဲ့ ၁၀၇ ဦး၊ မဟာ သိပ္ပံဘွဲ့ ၂၂၄ ဦး၊ မဟာသုတေသနဘွဲ့ ၆၆ ဦး၊ Ph.D ဘွဲ့ ၃၅ ဦး၊ B.E ဘွဲ့ ၅၃၉ ဦး၊ M.E ဘွဲ့ ၄၈ ဦး၊ B.Tech ဘွဲ့ ၂၀၇ ဦး ရရှိကြောင်း သင်တန်းဆင်းပွဲမှ သိရသည်။

 

သင်တန်းဆင်းပွဲတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်က သင်တန်းဆင်း ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့တတ်မြောက်ထားရှိသည့် အသိပညာ၊ အတတ်ပညာများကို စဉ်ဆက်မပြတ်လေ့လာဆည်းပူး၍ ဗလငါးတန်နှင့်ပြည့်စုံသည့် နိုင်ငံ့ဝန်ထမ်းများဖြစ်အောင် ကြိုးစားအားထုတ်သွားကြရမည်ဖြစ်ကြောင်း၊ မိမိတို့တာဝန်ကျရာ ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသခံတိုင်းရင်းသားများနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ မူလလုပ်ငန်းတာဝန်များအပြင် ဒေသခံတိုင်းရင်းသား လူမျိုးများ၏ စာပေ၊ ရိုးရာ၊ ဓလေ့ထုံးစံ အမွေအနှစ်များကို လေးစားလိုက်နာကာ ချစ်မြတ်နိုးစွာ ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

 

ချီးမြှင့်ငွေများပေးအပ်

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဝိဇ္ဇာဘာသာရပ် ထူးချွန်ဆုရရှိသူ ကျောင်းသားတစ်ဦးနှင့် သိပ္ပံဘာသာရပ်ထူးချွန်ဆုရရှိသူ ကျောင်းသားတစ်ဦးတို့ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က A.G.T.I ဒီပလိုမာထူးချွန်ဆုရ ကျောင်းသူတစ်ဦးကိုလည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ကြပြီး ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များက ကျောင်းသားကျောင်းသူ ၂၄၆ ဦးတို့ကို အလုပ်ခန့်အပ်လွှာများ ပေးအပ်ကြသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ထူးချွန်ဆုရ ကျောင်းသားကျောင်းသူများနှင့် ၎င်းတို့၏မိဘများအား ဂုဏ်ပြုအားပေးစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် ဒီဂရီကောလိပ်အစည်းအဝေးခန်းမ၌ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဌာနမှူးများနှင့် တွေ့ဆုံဆွေးနွေးပြီး ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအတွက် ချီးမြှင့်ငွေများ ပေးအပ်ကာ ဒီဂရီကောလိပ်အတွင်းရှိ သက်သာချောင်ချိရေးအရောင်းဆိုင်၊ ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် နှစ်ထပ်ကျောင်းသူအိပ်ဆောင် ဆောက်လုပ်နေမှု၊ မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုနှင့် စာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် သင်တန်းဆင်း ကျောင်းသားကျောင်းသူများအား ဘွဲ့နှင်းသဘင်ခန်းမ၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News