Myanmar Digital News

ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုအစဉ်အလာ မပျောက်ပျက်အောင်ဝိုင်းဝန်းကြိုးပမ်း (ကြေးမုံ)

(၂၇)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်က နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-1) ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က “မျိုးဆက်သစ်လူငယ်များ၏ ရိုးရာယဉ်ကျေးမှုအပေါ် မြတ်နိုးမှုနှင့် အမျိုးသားရေးစိတ်ဓာတ်များ ခိုင်မာရှင်သန်နေစေရေး အနုပညာရှင်များနှင့် တာဝန်ရှိသူများက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ လူငယ်အချို့ ခေတ်ရေစီးကြောင်း နောက်ကိုလိုက်ပါရင်း ရိုးရာယဉ်ကျေးမှုတန်ဖိုးများကို လျစ်လျူရှုလာနိုင်သည့်အတွက် ယင်းအခြေအနေကို ပေါ့ပေါ့ဆဆမထားကြရန် လိုအပ်ကြောင်း” အမှာစကားပြောကြားသည်။

 

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကိုအခြေခံသည့် ယဉ်ကျေးမှုအစဉ်အလာ မြင့်မားခိုင်ကျည်သောနိုင်ငံဖြစ်သည်။ မြန်မာတို့၏ လူမှုဘဝဓလေ့ထုံးတမ်း အစဉ်အလာတွင်လည်းကောင်း၊ မြန်မာ့ယဉ်ကျေးမှုအနုသုခုမပညာရပ်များတွင် လည်းကောင်း အစဉ်အလာကြီးမားသည့် ယဉ်ကျေးမှုဓလေ့ထုံးစံများ လွှမ်းခြုံထုံမွမ်းနေသည်ကို သမိုင်းအစဉ်အဆက် မြင်တွေ့ကြရမည်ဖြစ်သည်။ အဆိုပါယဉ်ကျေးမှုများနှင့်အညီ မြန်မာ့လူမှုအသိုက်အဝန်းများတွင် ချစ်ခင်နှစ်လိုဖွယ်ကောင်းသော၊ ဂုဏ်ယူမြတ်နိုးဖွယ်ကောင်းသော အလေ့အထ ထုံးတမ်းစဉ်လာများ လွှမ်းခြုံရှင်သန်နေသည်မှာ စိတ်ရွှင်လန်းချမ်းမြေ့ ကြည်နူးဖွယ်ရာ ဓလေ့စရိုက်ကောင်းများဖြစ်သည်။ သို့သော် ၂၁ ရာစုခေတ်တွင် ဆက်သွယ်ရေးနည်းပညာများ ပေါင်းစပ်ဖြစ်ထွန်းလာမှုကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုဆိုင်ရာ လွှမ်းမိုးမှုများသည် နယ်စည်းမခြား ဖုံးလွှမ်းလာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။

 

လူမှုအသိုက်အဝန်းများအကြား၊ လူငယ်ထုအကြား၌ အနောက်တိုင်းယဉ်ကျေး မှုနှင့်ဆန်းသစ်တီထွင်ပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများ၏ယဉ်ကျေးမှုဓလေ့စရိုက်များ တစ်နေ့တခြားလွှမ်းမိုးလာသည်ကို တွေ့မြင်ရသည်။ လူငယ်လူရွယ် အချို့ကြားတွင် ခေတ်ရေစီးကြောင်းအတိုင်းစီးမျောရင်း တိုင်းတစ်ပါးယဉ်ကျေးမှု ဓလေ့ထုံးစံများနှင့် ဓလေ့စရိုက်များ နှစ်သက်မြတ်နိုးမှုကြီးထွားလာကာ ရိုးရာယဉ်ကျေးမှုတန်ဖိုးများကို လျစ်လျူရှုလာကြသည်။ မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်တန်ဖိုးများ ပျောက်ကွယ်လာပြီး ရောထွေးယှက်တင်သည့် ယဉ်ကျေးမှုအပြုအမူနှင့် စရိုက်လက္ခဏာများ လွှမ်းခြုံလာသည်။ ထိုသို့တိုင်းတစ်ပါးယဉ်ကျေးမှု ဖုံးလွှမ်းမှုနှင့်အတူ မြတ်နိုးဖွယ်ရာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာများ မှေးမှိန်ပျောက်ကွယ်လာသည်ကို သတိပြုရမည်ဖြစ်သည်။

 

ယဉ်ကျေးမှုပျောက်လျှင် လူမျိုးပျောက်ပြီး တိုင်းပြည်ချစ်စိတ်၊ မျိုးချစ်စိတ်နှင့် ကာကွယ်စောင့်ရှောက်လိုစိတ်များ လျော့ပါးလာမည်ကို စိုးရိမ်ရသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး နိုင်ငံတကာအလယ်တွင် တင့်တယ်စွာ ရပ်တည်နိုင်ရေးအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးပေါ်ထွန်းလာရေး ကြိုးပမ်းတည်ဆောက်လျက်ရှိသည်။ မြန်မာတို့၏ ကိုယ်ပိုင်ရိုးရာယဉ်ကျေးမှုအစဉ်အလာများ၊ လူမှုရေးကျင့်ဝတ်နှင့် တန်ဖိုးများ၊ အမျိုးသားရေး စရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်မြှင့်တင်ရေး လုပ်ငန်းများကို စနစ်တကျကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်ကျင်းပလျက်ရှိသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများလည်း အပါအဝင်ဖြစ်သည်။

 

အမျိုးသားယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး ရည်မှန်းချက်များကို အကောင်အထည်ဖော်ပေးခဲ့သည့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်အောင် ပါဝင်ကြိုးပမ်းခဲ့သည့် အနုပညာရှင်များ၊ မျိုးဆက်သစ်များ၊ အကဲဖြတ်များ၊ အားပေးချီးမြှောက်သူများအားလုံးကို အသိအမှတ်ပြုရမည်ဖြစ်သည်။ အစဉ်အလာကြီးမားသည့် မြန်မာ့ယဉ်ကျေးမှုကို လူငယ်လူရွယ်များ တန်ဖိုးထားမြတ်နိုးနှစ်သက်လာစေရန် အရိုးကိုအရွက်မဖုံးသည့် ခေတ်မီဆန်းသစ်မှုများနှင့် ဖျော်ဖြေတင်ဆက်မှုများကို ဝေဖန်ပြစ်တင်မှုမပြုဘဲ အားပေးမြှင့်တင်ကာ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ကာကွယ်စောင့်ရှောက်ကြရမည် ဖြစ်သည်။ အနုပညာရှင်များ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် ယဉ်ကျေးမှုရလဒ်ကောင်းများ ဖြစ်ထွန်းနေမှုသည် နိုင်ငံအနာဂတ်အတွက် ယဉ်ကျေးမှုမပျောက်သည့် ထူးခြားဆန်းသစ်မှုဟု မှတ်ယူရမည်ဖြစ်သည်။

 

ဖျော်ဖြေတင်ဆက်နိုင်မှု အကျိုးကျေးဇူးကြောင့် ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်အနုပညာရှင်များ ပေါ်ထွက်လာသည်မှာလည်း အားရကျေနပ်ဖွယ်ဖြစ်သည်။ ယဉ်ကျေးမှုအနုပညာသည် အများပြည်သူကို လွှမ်းခြုံဖမ်းစားနိုင်မှုရှိပြီး မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်သည်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံများကို မပျောက်ပျက်စေသည့် ဝတ်စားဆင်ယင်မှုများ ထွန်းကားလာစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ခေတ်မီဆန်းသစ်မှုနှင့် မြန်မာ့ယဉ်ကျေးမှုကိုပေါင်းစပ်ပြီး အများပြည်သူ နှစ်သက်မြတ်နိုးလာစေရန် တီထွင်ကြံဆ ဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့ဖြစ်ရာ မျိုးဆက်သစ်လူငယ်များ ရိုးရာယဉ်ကျေးမှု ကိုမြတ်နိုးမှုနှင့် အမျိုးသားရေးစိတ်ဓာတ်များ ခိုင်မာလာစေရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။

မူရင်းသတင်း — Myanmar Digital News