
ထိုက်စံ (NP News) - နိုဝင်ဘာ ၁
အသက်မပြည့်သေးသော မြန်မာနိုင်ငံသား အမျိုးသမီးငယ်တစ်ဦး မလေးရှားတွင် နှိပ်စက်၊ အနိုင်ကျင့်ခံရသည့် အပေါ်အမှုမှန် ရရှိစေရန် မိသားစုဝင်များ လိုလားနေကြောင်း ကူညီဆောင်ရွက်ပေးနေသူ ကိုသိင်္ခ က NP News သတင်းဌာနသို့ပြောသည်။
အဆိုပါအမျိုးသမီးငယ်သည် ယခုနှစ် ဇွန်လတွင် မလေးရှားနိုင်ငံ၌ ကော်ဖီ နှင့် ဖုန်းလုပ်ငန်း ၌ အလုပ်လုပ်ရမည် ဟု ဆိုကာ JMK Malik ဟု သိကြသော အမျိုးသမီး က ပွဲစားလုပ်ခေါ်သည့် အတွက် တရားမဝင် သွားရောက်ခဲ့ရာတွင် ထိုစဉ်က အဖမ်းအဆီး များနေသောကြောင့် အလုပ်မဆင်းပဲ နေခဲ့ရကြောင်း သိရသည်။
ထို့နောက် စက်တင်ဘာလ တွင် အလုပ်ဝင်ခိုင်းရာ ညဆိုင်းဖြစ်နေသည့် အတွက် မိခင်ဖြစ်သူထံ ဖုန်းဆက်ကာ ပင်ပင်ပန်းပန်း မလုပ်နိုင်ကြောင်း နှင့် ပြန်ခေါ်ရန် ပြောသည့် အတွက် JMK Malik ကို ပြန်ခေါ်ပေးရန် မိခင်က ဆက်သွယ်ရန် အမျိုးသမီး ငယ်ကို ပြန်ခေါ်ခဲ့သော်လည်း မသန့်ရှင်းသော နေရာများတွင် နေခဲ့ရကြောင်း ကိုသိင်္ခက ပြောသည်။
“ကြောင်တွေကြားထဲမှာ ထားတော့ ကြောင်တွေ က ကုတ်တော့ မျက်နှာကို ပုဝါစည်း အိပ်ရတဲ့ ဘဝ။ ကောင်မလေးက ညဘက်တွေ ဆိုတော့ဗျာ ပူတော့ ဘောင်းဘီ အတိုလေးတွေ ဝတ်တာပေါ့။ အဲဒါကို သူ့အမေ ကို လှမ်းပြောတယ် နင့်သမီး က ရွနေတာ ဘာညာဆိုပြီး” ဟု ၎င်းက ဆိုသည်။
အလုပ်အကိုင် အဆင်မပြေသောကြောင့် ပေးထားတဲ့ ပိုက်ဆံများအတွက် အချို့ကို ပြန်လွှဲပေးရန် ပြောသည့် အတွက် အလုပ်သွင်းပေးမည်ဟု ဆိုကာ အခြား အမျိုးသမီး ပွဲစားတစ်ဦး က လာခေါ်သွားခဲ့ကြောင်း၊ ထို့နောက် အရုပ်ကောက်သည့် စက်ရုံတွင် အလုပ်သွင်းပေးထားစဉ် JMK Malik က မိခင်ထံ ဖုန်းဆက်ကာ သမီးဖြစ်သူက အလုပ်မလုပ်လိုဟု ဆိုသောကြောင့် သွားခေါ်မည်ဟု ဆိုကာ ခေါ်ခဲ့ကြောင်း ၎င်းက ဆိုသည်။
အမျိုးသမီးငယ်ကို မြန်မာနိုင်ငံ ပြန်ပို့မည် ဟု ဆိုကာ လိမ်ခေါ်လာပြီးနောက် အခန်းတံခါး ပိတ်ကာ ပြန်ပေးဆွဲလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“သိပ်မကြာဘူး ပြန်ပေးဆွဲသွားပြီ ပြောတာ။ (၁၀) လပိုင်း(၂၆) ရက် ညနေပိုင်းမှာ ပြန်ပေးဆွဲခံလိုက်ရတယ် လှမ်းပြောတာ။ သိန်း တစ်ရာ့ငါးဆယ်ပေးရင် ပြန်လွှတ်အောင် ကူညီပေးမယ် ပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။
JMK Malik နှင့် ပေါင်းကာ အမျိုးသားတစ်ဦးက အမျိုးသမီးငယ်ကို ဖမ်းဆီးကာ ရိုက်နှက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်းတို့ကို ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
“၂၈ ရက်ည ၁၁ နာရီမှာ ကျွန်တော့်ကို ဆက်သွယ်လာတယ်။ မောင်လေးရယ် မလေးရှားမှာ အစ်မသမီး ပြန်ပေးဆွဲ ခံလိုက်ရတယ် ကူညီပါဦး ဆိုပြီးတော့” ဟု ကိုသိင်္ခ က ပြောသည်။
အစောပိုင်းတွင် JMK Malik က ငြင်းဆန်သော်လည်း နောက်ပိုင်းတွင် ဝန်ခံခဲ့ကြောင်း နှင့် ငါးရက်ချုပ်နှောင် ခံရပြီးနောက် အောက်တိုဘာလ (၃၀) ရက်တွင် ပြန်လွှတ်လာရာ လွတ်မြောက်ချိန်တွင် ကျူးလွန်ခံရသမျှကို သိခဲ့ရကြောင်း ၎င်းက ပြောသည်။
“ကျွန်မ တောင်းပန်ပါတယ် ပြန်ပေးဆွဲလိုက်တာပါ အဲဒီလို မရည်ရွယ်ပါဘူး ဘာညာနဲ့ (၃၀) ရက် မှာ ပြောတာ။ ဒါပေမဲ့ ကျွန်တော်တို့ ဆီ ပြန်ခေါ်လို့ မရသေးဘူးလေ။ ဘာတွေ ဖြစ်ခဲ့မှန်း မသိတော့။ အဓိက တော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအထိ ဖြစ်တယ်။ ရိုက်နှက် ခံရတယ်။ ပြန်ပေးဆွဲတယ်။ ထိုနည်းတူစွာ မိန်းကလေးပေါင်း များစွာ ကို အဲဒီ မိန်းမက အဲဒီလို လုပ်တာ။ ဓာတ်ပုံတွေ ရိုက်တယ် ပြီးရင် ငါတို့ လုပ်တာတွေ ဖော်ရင် တယ်လီဂရမ်မှာ ရောင်းစားမယ် ဆိုလို့ ဘယ်သူမှ မဖော်ရဲဘူး။ ကျွန်တော့်ကို ဆက်သွယ်လာတာ အများကြီးပဲ” ဟု ၎င်းက ဆိုသည်။
JMK Malik ဆိုသူ အမျိုးသမီးမှာ လက်ရှိတွင် တိမ်းရှောင်းနေပြီး ကျူးလွန်သူ အမျိုးသား အကြောင်း သိပြီး ဖြစ်သည့် တိုင် ချမပြသေးကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် ကျူးလွန်ခံရသူနှင့် ပတ်သက်၍ တရားမျှတမှုပေါ်ပေါက်ရေး၊ ပွဲစား JMK Malik ဆိုသူ အမျိုးသမီး ကို ဖမ်းမိရေးအတွက် ကူညီဆောင်ရွက်နေကြကြောင်း သိရသည်။