
စိမ့်စမ်းရေ (NP News) - နိုဝင်ဘာလ ၂
ရုရှားစစ်တပ်သို့ရောက်သွားသည့် မြန်မာအလုပ်သမားများကို စစ်သင်တန်း(၂)လပြီးပါက စာချုပ်ပါအလုပ်သို့ ပို့ဆောင်ပေးမည်ဖြစ်ကြောင်း အလုပ်သမားပို့ဆောင်ပေးသည့်အေဂျင်စီဘက်မှပြောဆိုခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ ရသူတစ်ဦးက NP News သို့ပြောသည်။
ရုရှားနိုင်ငံသို့ အီလက်ထရွန်နစ်စက်ရုံတွင် အလုပ်လုပ်ကိုင်ရန်ဟူသော စာချုပ်ပါ သဘောတူညီချက်အရ အေဂျင်စီနှင့် စာချုပ်ချုပ်ဆိုခဲ့ရာတွင် ရုရှား စစ်တပ်အတွင်း ဝင်ရောက်လုပ်ကိုင်ရမည်ဆိုသည့်အ ချက်ကို စာချုပ်တွင် ဖော်ပြထားခြင်းမရှိကြောင်း ၎င်းကပြောသည်။
“ကျွန်တော်တို့မြန်မာပြည်မှာ စာချုပ်ချုပ်ခဲ့တုန်းကကျတော့ကုန်ထုတ်နဲ့၊ အီလက်ထရွန်နစ်နဲ့ပဲ၊ စစ်တပ်ဆိုတဲ့ စကားလုံး တစ်လုံးမှမပါဘူး။ စစ်တပ် ဝန်းထဲမှာလုပ်ရမယ်လည်းမပါဘူး။ စစ်တပ်ဆိုင်ရာ ပစ္စည်းလုပ်ရမယ်ဆိုတာလည်း မပါဘူး။ အဲဒီရောက်မှ အဲဒီလိုပြန်ပြောင်းသွားတာ”ဟု ၎င်းကပြောသည်။
ထို့နောက် ရုရှားနိုင်ငံ ချီတာမြို့သို့ရောက်ပြီးနောက် ရုရှားစစ်တပ်အခြေစိုက်စခန်းသို့ ပို့ဆောင်ခံခဲ့ရပြီး စစ်တပ် တွင်တာဝန်ထမ်းဆောင်ရန် ဖိအားပေးခံခဲ့ရကြောင်းလည်း ၎င်းက ပြောသည်။
“ရုရှားအရာရှိက သူတို့ပြောတဲ့အတိုင်းမ လုပ်ရင်မင်းတို့တွေ ထောင်ကျနိုင်တယ်။ ဒါမှမဟုတ် ရင် ပြည်နှင်ဒဏ် ပေးခံရနိုင်တယ်လို့ ခြိမ်းခြောက်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ အလုပ်ခေါ်ယူပို့ဆောင်ခဲ့သည့် အေဂျင်စီဘက်က အလုပ်သမားများကို မူလ စာချုပ်ပါအလုပ်တွင် လုပ်ကိုင်ခွင့်ရရှိ စေရန်ညှိနှိုင်းပေးခြင်းမရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။
“အေဂျင်စီက မော်စကိုကိုလိုက်လာခဲ့တယ်။ ဒါပေမဲ့ ဘယ်လိုပြောရမလဲ ကျွန်တော်တို့ကို ပြန်ပြီးတော့ အဆင် ပြေအောင်ညှိနှိုင်းပေးတာမျိုး မရှိဘူး။ အေဂျင်စီကပြောတာကတော့ ဒီပြောထားတဲ့ အလုပ်ကို သွားရမှာမှန်တယ်။ ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ဒီတပ်မှာ ထရိန်နင် (၂)လဆင်းရမယ်။ အဲဒါပြီးရင် မင်းတို့ကို အရင်စာချုပ်ချုပ်ခဲ့တဲ့အတိုင်း အလုပ်ကို သွားရမယ်ဆိုတော့ ကျွန်တော်တို့က လက်မခံတော့ဘူး။ စစ်တပ်ထဲမှာလုပ်ရမယ်ဆိုတာလည်း အေဂျင်စီက သိတယ်။ ကျွန်တော်တို့ကို လာပြီးတော့ သွေးဆောင်ဖြားယောင်းတဲ့ ရုရှားစစ်တပ်ကအရာရှိနဲ့လည်း သူတို့က အဆက်အသွယ်ရှိတယ်” ဟု ၎င်းက ပြောသည်။
ထို့ပြင် ရုရှားစစ်တပ်အရာရှိတစ်ဦးက မြန်မာနိုင်ငံမှလုပ်သားများကို တစ်ဦးလျှင် အမေရိကန် ဒေါ်လာ (၅၀ဝဝ) နှုန်းဖြင့်ဝယ်ယူထားကြောင်း ပြောဆိုခဲ့သည်များလည်းရှိကြောင်း ၎င်းကဆိုသည်။
“သူပြောတဲ့အထဲမှာ ဘာတွေပါလဲဆိုတော့ ကျွန်တော်တို့ကို မြန်မာနိုင်ငံကနေ တစ်ယောက်ကို ဒေါ်လာ (၅၀ဝဝ)နှုန်းနဲ့ဝယ်ထားတယ်ဆိုတဲ့စကားကို ပြောတယ်” ဟု ၎င်းကပြောသည်။
သို့သော် ၎င်းတို့အနေဖြင့် အဆိုပါငွေကြေးတစ်စုံတစ်ရာကိုလက်ခံရရှိခဲ့ခြင်းမရှိဘဲ ခရီးစရိတ် အပါအဝင် အခြား စရိတ်များကိုပါ ကိုယ်ပိုင်ငွေကြေးများဖြင့် အသုံးပြုခဲ့ရပြီး ကိုယ်ပိုင်ငွေကြေး ကျပ်သိန်း (၂၀ဝ)ခန့်ကုန်ကျသွားခဲ့ကြောင်း ၎င်းကဆိုသည်။
ထို့နောက် အဆိုပါလုပ်သားများသည် ရုရှားနိုင်ငံရှိ မြန်မာစစ်သံရုံးကို ဆက်သွယ်အကူအညီ တောင်းခံခဲ့ပြီး နောက် မြန်မာစစ်သံရုံး၏ အကူအညီဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ကြောင်း သိရသည်။