NP News

မြန်မာထုတ်ကုန်နာမည်ဖြင့် ပုံစံပစ္စည်းအတုများ တရုတ်ဘက်မှ ရှမ်းမြောက် ထိုမှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်ခြင်းများရှိလာ

သန့်ဇင် (NP News) - နိုဝင်ဘာလ ၂

မြန်မာထုတ်ကုန်နာမည်ဖြင့် ပုံစံပစ္စည်းအတုများ တရုတ်ဘက်မှ ရှမ်းမြောက်၊ ထိုမှတစ်ဆင့် ပြည်တွင်းသို့ဝင်ရောက်ခြင်းများရှိလာနေကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင်နေထိုင်သည့် ဒေသခံ များက NP News သို့ပြောသည်။
မြန်မာ-တရုတ်နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာသည့် တရုတ်နိုင်ငံထုတ်ကုန်ပစ္စည်းများ သယ်ဆောင်ခွင့်ကို ယခုနှစ် မေလဆန်းပိုင်းကစတင်ကာ ပိတ်ပင်ထားကြောင်း သတင်းများထွက်ပေါ်နေသော်လည်း လက်ရှိမြေပြင်တွင်မူ တရုတ်ကုန်ပစ္စည်းများအပြင် မြန်မာကုန်ပစ္စည်းနာမည်များဖြင့် ပစ္စည်း အတုများပင် ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါကုန်ပစ္စည်းများအတွင်း ဘီယာပင် ပါဝင်ပြီး အမျိုးမျိုးသောနည်းလမ်းဖြင့် ဝင်ရောက်နေ ကြောင်းဒေသခံသတင်းရင်းမြစ်ကဆိုသည်။ “တရုတ်ပစ္စည်းတော့ကန့်သတ်ထားတယ်။ ဒါပေမဲ့ ပြည် တွင်းအထိ နေ့စဉ် ပုံစံအမျိုးမျိုးနဲ့ဝင်နေတုန်းပဲ။ ကလေး ပစ္စည်း၊ ပရိဘောဂ၊ အိမ်သုံးကုန်အစုံပဲ။ စားသုံး ဆီတွေလည်း ပုံစံအစုံနဲ့ဝင်နေတာကိုကျွန်တော်တွေ့ရတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် တရုတ်ဘီယာမျိုးစုံသည်လည်း အမှတ်တံဆိပ်မျိုးစုံဖြင့် ရှမ်းမြောက်ဒေသသို့ ဝင်ရောက် နေပြီး ရန်ကုန်နှင့်မန္တလေးအထိ အောက်ဖုံးကုန်များ (လျှို့ဝှက်သယ်ဆောင်)အဖြစ် သယ်ဆောင်နေခြင်း ဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်ကဆိုသည်။ “အဲဒီလို copy တွေကလည်း ပြည်တွင်းထဲက တရုတ်တွေက လုပ်နေတဲ့သဘောရှိတယ်။ မြန်မာပစ္စည်းကို အတုပြန်ထုတ်မယ်ဆို လိုဂိုတို့ ဘာတို့ကို တရုတ်မှာ ပြန်လုပ်တာပေါ့။ ရှမ်းမြောက်ဘက်တောင် စက်ရုံရှိတယ်ကြားတယ်။ တချို့ပစ္စည်းဆို မဲ တောင်ပါသေးတယ်။ မြန်မာပြည်ထုတ်ပစ္စည်းက မဲဖောက်ရင် သူလည်းမဲပါနေတာ”ဟု ၎င်းက ပြော သည်။
ထို့ပြင် မြန်မာ-တရုတ်နယ်စပ်ရှိ လက်နက်ကိုင်များအခြေပြုရာဒေသများတွင်လည်း တရုတ် လုပ်ငန်းရှင်များနှင့် ပူးပေါင်းထူထောင်ထားသည့် မြန်မာကုန်ပစ္စည်းစက်ရုံများစွာရှိကြောင်း သိရှိသူ သ တင်းရင်းမြစ်က NP News သို့ပြောသည်။ “ဟုတ်ပါတယ်။ အဲဒီကုန်ပစ္စည်းတွေက အခုမှမဟုတ်ဘူး။ အရင်တည်းကရှိတယ်။ နယ်စပ်နားမှာဆို အကျိုးတူ စီးပွားဖက်လိုလိုနဲ့ လက်နက်ကိုင်တွေနဲ့ တရုတ်လုပ် ငန်းရှင်တွေအတူတူလုပ်နေတဲ့ စက်ရုံတွေတောင်ရှိတယ်။ ရွှေလီတို့ကျယ်ဂေါင်တို့မှာလည်းရှိတယ်”ဟု သိရှိသူသတင်းရင်းမြစ်က ဆိုသည်။ ထိုသို့ ဖြစ်ပွားလာရခြင်းသည် ယခင် (၁၀၂၇) အမည်ဖြင့် မြောက်ပိုင်း (၃)ဖွဲ့၏ တိုက်ပွဲဖော်ဆောင်မှုများမှ ယင်းလက်နက်ကိုင်အဖွဲ့များ စီးပွားရေးအမြတ်ထုတ်လာခြင်းဖြစ်ပြီး လက်ရှိကာလတွင်မူ ဂိတ်များမှ ပြန်လည်ထိန်းချုပ်စိစစ်သင့်ကြောင်း ၎င်းကအကြံပြုသည်။
“စစ်ဖြစ်ပြီးနောက်ပိုင်း တရုတ်ဆီကဝင်တယ်။ ပြည်တွင်းကလည်း ရှမ်းမြောက်ကိုဝင်တာ ရှိပါ တယ်။ မတည်ငြိမ်တဲ့ ဘယ်ဒေသမဆို စက်သုံးဆီတွေကလည်း အကျိုးအမြတ်ရတော့ ရအောင်ဝင်ကြ တာတွေရှိတယ်။ အဲဒီတော့ အဓိကက ဂိတ်တေမှာ သေချာစစ်ဆေးမှရမယ်။ သာမန်လူနဲ့မသမာသူ ခွဲခြား နိုင်မှရတော့မယ်”ဟု ၎င်းကပြောသည်။
တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးအတွင်း အရေးပါသည့် ပြည်ထောင်စုလမ်းမကြီးသည် လက်ရှိတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို-ကျောက်မဲ-သီပေါအထိနှင့် လားရှိုးမြို့ဧရိယာမှာ အစိုးရ ၏ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး သိန္နီ-ကွတ်ခိုင်-နမ့်ဖတ်ကာအထိကို တိုင်းရင်းသားလက်နက်ကိုင်များ ကထိန်းချုပ်ထားကြောင်းသိရသည်။ သို့သော် မြန်မာ-တရုတ်ကုန်သွယ်ရေး၏ အဓိကတံခါးဝ ဖြစ်သည့် မူဆယ်တွင်မူ အစိုးရ၏ထိန်းချုပ်မှုအောက်တွင် လည်ပတ်နေပြီး ကုန်သွယ်ရေးဇုန် (၁၀၅)မိုင်တွင်မူ မြောက်ပိုင်း(၃)ဖွဲ့ကထိန်းချုပ်ထားကြောင်း သိရသည်။

မူရင်းသတင်း — NP News