NP News

အလုပ်သမားဆေးရုံ(ထန်းတပင်)တွင် အာမခံအလုပ်သမားလူနာများအတွက် ကျောက်ကပ်သွေးသန့်စင်ဆေးကြောမှုများ ဆောင်ရွက်ပေးနေ

စော (NP News) - နိုဝင်ဘာ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ(ထန်းတပင်)တွင် အာမခံအလုပ်သမားလူနာများအတွက် ကျောက်ကပ်သွေးသန့်စင်ဆေးကြောမှုများကို ယမန်နေ့ (နိုဝင်ဘာ ၁ ရက်)တွင် ဆောင်ရွက်ပေးနေကြောင်း အလုပ်သမား ဝန်ကြီးဌာနထံမှသိရသည်။
ထို့ပြင် နာတာရှည်ကျောက်ကပ်ရောဂါ ခံစားနေရသော လူနာများ များပြားလာ၍ လှိုင်သာယာ မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ အင်းစိန်မြို့နယ်နှင့် ထန်းတပင်မြို့နယ်တို့မှ ကျောက်ကပ်ရောဂါခံစားနေရသော အာမခံအလုပ်သမားလူနာများအနေဖြင့် အလုပ်သမားဆေးရုံကြီး(ရန်ကုန်)သို့ သွားရောက်ရန်မလိုအပ်ဘဲ အလုပ်သမားဆေးရုံ(ထန်းတပင်)တွင် ကျောက်ကပ် သွေး သန့်စင်ခြင်းဝန်ဆောင်မှုကို လွယ်ကူစွာရယူခံစားနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ အလုပ်သမားဆေးရုံ(ထန်းတပင်)တွင် ပြင်ပလူနာကုသမှု၊ ဆေးရုံတက်လူနာကုသမှုများ၊ နာတာရှည်ကျောက်ကပ် ရောဂါခံစားနေရသော အာမခံအလုပ်သမားလူနာများအား ကျောက်ကပ်သွေးသန့်စင် ဆေးကြောသည့် ဝန်ဆောင်မှု စတင်ဆောင်ရွက်နိုင်မှုအခြေအနေကို အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က သွားရောက်ကြည့်ရှုခဲ့ ကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းစက်မှုဇုန်ရှိ လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုဆောင်ရွက်ပြီး အာမခံအလုပ်သမားများအား ကျန်းမာရေး ဝန်ဆောင်မှုပေးအပ်နေသည့် လူမှုဖူလုံရေး-စံရတနာဆေးရုံ၌ ဆေးရုံ၏ ပြင်ပလူနာကုသမှုများ၊ သားဖွားမီးယပ်ပြင်ပလူနာကုသမှု၊ မီးဖွားဝန်ဆောင်မှုများ၊ ဓာတ်ခွဲ၊ ဓာတ်မှန် ဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သည်။
ယခုကဲ့သို့ စာချုပ်ဆေးရုံ ဖွင့်လှစ်ပေးခြင်းဖြင့် အာမခံအလုပ်သမားများအတွက် တစ်နေရာတည်းတွင် ဝန်ဆောင်မှုများအားလုံးရရှိနိုင်ခြင်း၊ စိုက်ထုတ် ကုန်ကျရမှုမရှိဘဲ ဆေးရုံ၏ ဝန်ဆောင်မှုများအား ရရှိသဖြင့် ကျန်းမာရေးကြောင့်ဖြစ်ပေါ်လာမည့် လူမှုဒုက္ခများကို လျော့ပါးသက်သာစေပြီး နိုင်ငံအတွက်လည်း များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း သိရသည်။
လူမှုဖူလုံရေးအဖွဲ့မှ လူမှုဖူလုံရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မြို့နယ်ပေါင်း (၁၃၆) မြို့နယ်ရှိ အကျုံးဝင်အာမခံအလုပ်သမား (၁ ဒသမ ၃၇) သန်းခန့်၏ ကျန်းမာရေး စောင့်ရှောက်မှု အတွက် လက်ရှိအခြေအနေတွင် လူမှုဖူလုံရေးအဖွဲ့ ပိုင်ဆေးရုံကြီး သုံးရုံ၊ မြို့နယ်လူမှုဖူလုံရေး ဆေးခန်း (၉၆) ခန်း၊ ဌာနကြီးဆေးခန်း (၆၂) ခန်း၊ စာချုပ် ဆေးခန်း (၇၁) ခန်း၊ သားဖွားမီးယပ် ဝန်ဆောင်မှုဆောင်ရွက်နေသော ဆေးခန်း ရှစ်ခန်း၊ တိုင်းရင်းဆေးခန်း တစ်ခန်းတို့ အပြင် ရွေ့လျားဆေးကုသယာဉ် လေးစီးဖြင့် အလုပ်ဌာနအရောက် ကွင်းဆင်းဆေးကုသခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အာမခံအလုပ်သမားများ၏ ရောဂါအခြေအနေအရ နိုင်ငံပိုင်ဆေးရုံကြီးများတွင်ပြသပြီး စိုက်ထုတ်ကုန်ကျခဲ့သော ဆေးဖိုးကုန်ကျစရိတ်များ ကိုစိစစ်၍ သတ်မှတ်ချက်များနှင့်အညီ ပေးအမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် အကျုံးဝင်အာမခံအလုပ်သမား (၁၀၂၉၅၆၃) ဦး၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း (၂၂) ခန်း၊ တိုင်းရင်းဆေးကုခန်း တစ်ခန်း၊ ဌာနကြီးဆေးခန်း (၂၁) ခန်း၊ စာချုပ်ဆေးခန်း (၅၂) ခန်း၊ မီးဖွားခြင်း ဝန်ဆောင်မှုဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း ငါးခန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(၂၀၂၅-၂၀၂၆) ဘဏ္ဍာနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး၌ လူနာပြသသည့် အကြိမ်ရေ (၆၉၇၅၈၂) အတွက် ဆေးကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကာ ဆေးဖိုးတင်ပြတောင်းခံသည့် အကြိမ်ရေ (၂၂၁၉၆) အတွက် ကျပ်သန်း (၂၄၆၂ ဒသမ ၄၂၅) ပေးအမ်းနိုင်ခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News