Myanmar Digital News

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အမျိုးသားပြတိုက် (ရန်ကုန်) ကြည့်ရှုစစ်ဆေး


ရန်ကုန် နိုဝင်ဘာ ၁

 

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက် (ရန်ကုန်) မြေညီထပ်ရှိ သီဟာသနပလ္လင်ပြခန်း၊ သမ္မတအိမ်တော်ပုံစံငယ် ပြကွက်၊ မြန်မာ့အက္ခရာနှင့် လက်ရေးမူပြခန်းနှင့် စတုတ္ထထပ်ရှိ ဗုဒ္ဓယဉ်ကျေးမှုပြခန်းများကို ယနေ့ နံနက်ပိုင်းတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

ကြည့်ရှုစဉ် ပြခန်းခင်းကျင်းမှုများသည် နှစ် ၂၀ ကျော်ကြာခဲ့ပြီဖြစ်၍ ခေတ်စနစ်နှင့်လျော်ညီသည့် မီး၊ အလင်းအမှောင်၊ ပြကွက်များ ပြင်ဆင်ပြသရန်၊ အနာဂတ်မျိုးဆက် ကျောင်းသားလူငယ်များအား ဖိတ်ခေါ်၍ မိမိတို့၏အမွေအနှစ်များကို ဂုဏ်ယူတန်ဖိုးထားထိန်းသိမ်းလိုစိတ်ဖြစ်အောင် ရှင်းလင်းပြသပေးရန်၊ ပြကွက်များ အဆင့်မြှင့်တင်ပြီး ပြကွက်အသစ်များ၊ စုဆောင်းပစ္စည်းအသစ်များလည်း တိုးချဲ့ခင်းကျင်းပြသရန်၊ ပြသမှုအလိုက် ရှင်းလင်းချက် အချက်အလက်များ ပြည့်ပြည့်စုံစုံရေးသားရန်နှင့် လုံခြုံရေးအတွက်ပါ စီစဉ်ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

 

ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်

 

ဆက်လက်၍ ဗိုလ်တထောင်မြို့နယ် ကမ်းနားလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ ဟိုတယ်၊ ခရီးသွားဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးရုံး အဆောက်အအုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာများမှာကြားကာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News