
ကိုဖြိုး (NP News) - နိုဝင်ဘာ ၂
တိုက်ပွဲတစ်ခုအောင်မြင်ရန်အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့သာ ဆောင်ရွက်၍မရဘဲ ပြည်သူပါမှသာ စစ်နိုင်မည်ဟု ပြည်ထဲရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်မင်းသူက ယနေ့ နိုဝင်ဘာ(၂)ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးဟံသာဝင်း (ကျောက်ကြီးမဲဆန္ဒနယ်) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က မေးမြန်းခဲ့သည့် ကျောက်ကြီးမြို့နယ်နှင့် နတ်သံကွင်းမြို့ ယာယီနေရပ်စွန့်ခွာသူများ နေရပ်ပြန်လည်နေထိုင်ရေးနှင့် ကျောက်ကြီး-နတ်သံကွင်း-ပဲနွယ်ကုန်းလမ်းအား အသုံးပြုနိုင်ရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုသည့်မေးခွန်းကို ထပ်ဆင့်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“တိုက်ပွဲတစ်ခု အောင်မြင်ဖို့ဆိုတာ တပ်မတော် နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲတို့ခြည်းပဲ ဆောင်ရွက်လို့ မရပါဘူး။ ပြည်သူတွေပါမှသာ စစ်ပွဲနိုင်မှာပါ။ နယ်မြေတည်ငြိမ်အေးချမ်းလာမှ ဖွံ့ဖြိုးတိုးတက်ရေးတွေ ဆောင်ရွက်လို့ ရမှာပါ” ဟု ဒုတိယဝန်ကြီးဗိုလ်ချုပ်မင်းသူက ပြောသည်။
ကျောက်ကြီးမြို့နယ် နှင့် နတ်သံကွင်းမြို့ များတွင် ယာယီနေရပ်စွန့်ခွာသူများ တစ်သိန်းကျော်ရှိပြီး နယ်မြေ မတည်ငြိမ်မှုကြောင့် သုံးနှစ်ကျော်ကြာ နေရပ်စွန့်ခွာနေရကြောင်း သိရသည်။
