NP News

သက်တမ်း(၁၅)နှစ်ပြည့် CNG သုံးယာဥ်များ နိုဝင်ဘာ(၁၅)ရက်မတိုင်မီ CNG ဆလင်ဒါအိုးအသစ် လဲလှယ်ခြင်းမရှိပါက သဘာဝဓာတ်ငွေ့ဝယ်ယူခွင့် ပိတ်သိမ်းသွားမည်

ထိုက်စံ (NP News) - နိုဝင်ဘာလ ၂

သက်တမ်း (၁၅)နှစ်ပြည့်သည့် CNG သုံးယာဥ်များမှ လာမည့် နိုဝင်ဘာ (၁၅)ရက်မတိုင်မီ CNG ဆလင်ဒါအိုး အသစ်လဲလှယ်ခြင်းမရှိပါက သဘာဝဓာတ်ငွေ့ဝယ်ယူခွင့် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ယနေ့(နိုဝင်ဘာ ၂ ရက်) တွင် ထုတ်ပြန်ထားချက်အရ သိရသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ အဆင်ပြေချောမွေ့စေရန်နှင့် ပြည်သူများ ခရီးသွားလာရာတွင် သက်သာချောင်ချိမှုရှိစေရန်ရည်ရွယ်၍ CNG ယာဉ်များအတွက် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)ကို ၁-ကီလိုဂရမ် လျှင် (၂၇၃)ကျပ် (၂၅)ပြားဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့(CNG)သည် သဘာဝဓာတ်ငွေ့ကို လေထုဖိအား၏အဆ (၂၀၀) ဖြင့်ဖိသိပ်၍ အိုးအတွင်းထည့်သွင်းထားသည့် ဖိအားအလွန်မြင့်သောဓာတ်ငွေ့ဖြစ်သဖြင့် ပေါက်ကွဲမှုဖြစ်ပွားပါက ပတ်ဝန်းကျင်ရှိ အများပြည်သူအသက်အိုးအိမ်များ ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်အတွက် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနသည် CNG ယာဉ်များ၏ ဆလင်ဒါအိုးနှင့် ဆက်စပ်ပစ္စည်းများ ဘေးကင်းလုံခြုံမှု (Safety) ရှိ/မရှိ နှစ်စဉ် နှစ်ပတ်လည်စစ်ဆေးခြင်းများ (Annual Inspection) ဆောင်ရွက်ပြီး စစ်ဆေးမှုအောင်မြင်သော ယာဉ်များကို သာ CNG အသုံးပြုခွင့်စာအုပ်နှင့် ကတ်ထုတ်ပေး၍ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့(CNG)ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မော်တော်ယာဉ်သုံးသဘာဝဓာတ်ငွေ့ဌာနရှိ CNG Retest Factory အလုပ်ရုံတွင်လည်း ထုတ်လုပ်သည့်ခုနှစ်မှ သက်တမ်း (၅)နှစ်ပြည့်ပြီးသော CNG ဆလင်ဒါအိုးများကို ပထမအကြိမ်စစ်ဆေးမှုခံယူစေခြင်း၊ (၁၀)နှစ်ပြည့်ပြီးသော CNG ဆလင်ဒါအိုးများကို ဒုတိယအကြိမ် စစ်ဆေးမှုခံယူစေခြင်း၊ သက်တမ်း (၁၅)နှစ်ပြည့်ပြီးသော CNG ဆလင်ဒါအိုးများကို သတ်မှတ်စံချိန်စံညွှန်းများအရ သက်တမ်း လွန်ပယ်ဖျက် (Reject) အဖြစ် သတ်မှတ်ကာ အိုးအသစ်ပြောင်းလဲတပ်ဆင် အသုံးပြုစေခြင်းများကို စနစ်တကျ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် CNG ယာဉ်များအနေဖြင့် ယာဉ်တွင် တပ်ဆင်အသုံးပြုလျက်ရှိသော သက်တမ်း (၁၅)နှစ်ပြည့်ပြီးဖြစ်သည့် CNG ဆလင်ဒါအိုးများအား လာမည့် နိုဝင်ဘာ(၁၅)ရက်မတိုင်မီ CNG ဆလင်ဒါအိုးအသစ် လဲလှယ်တပ်ဆင်ကာ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနသို့ လာရောက်၍ စစ်ဆေးမှုခံယူသွားကြရန်နှင့် သက်တမ်းကျော်လွန်ပြီး CNG ဆလင်ဒါအိုး အသစ်လဲလှယ်ခြင်းမရှိသောယာဉ်များကို သဘာဝဓာတ်ငွေ့ဝယ်ယူခွင့် ပိတ်သိမ်းသွားမည်ဖြစ်သောကြောင့် အိုးအသစ်လဲလှယ်တပ်ဆင်ကာ မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနတွင် လာရောက်စစ်ဆေးမှုခံယူပြီးမှသာလျှင် သဘာဝဓာတ်ငွေ့ဝယ်ယူခွင့်အား ပြန်လည်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

မူရင်းသတင်း — NP News