
ထိုက်စံ (NP News) - နိုဝင်ဘာ ၂
လူမှုဖူလုံရေး၏ အကျိုးခံစားခွင့်(၆)မျိုးရှိသည့်အနက် လုပ်ဆောင်ရန်ကျန်ရှိသည့် အကျိုးခံစားခွင့် (၃)မျိုးအား လုပ်ဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်က ယနေ့(နိုဝင်ဘာ ၂ ရက်)၊ နံနက်(၈)နာရီခွဲတွင် ရန်ကုန်မြို့ရှိ မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပပြုလုပ်ခဲ့သည့် လူမှုဖူလုံရေးဆိုင်ရာ အကျိုးခံစားခွင့်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဆွေးနွေးပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ်ဖြေကြားခဲ့သည်။
လက်ရှိတွင် လူမှုဖူလုံရေး၏ အကျိုးခံစားခွင့်(၆)မျိုးရှိသည့်အနက် လုပ်ဆောင်ရန်ကျန်ရှိသည့် အကျိုးခံစားခွင့် (၃)မျိုးအား လုပ်ဆောင်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
“လူမှုဖူလုံရေးမှာက လုပ်နိုင်တာ အခွင့်အရေး (၆)မျိုးရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ အစိုးရက လက်ရှိမှာ (၃)မျိုးကိုပဲ လုပ်ထားတာပေါ့။ အဲဒီတော့ ကျန်တဲ့ (၃)မျိုးထဲမှာကိုမှ နောက်တစ်မျိုးဖြစ်တဲ့ လူမှုဖူလုံရေးအိမ်ယာကို လုပ်ဖို့အတွက် ဒီဟာကို ဆွေးနွေးပြတာပေါ့။ နောက်တစ်ခုကျတော့ လည်း လူမှုဖူလုံရေးဆေးခန်းကြီးတွေ တည်ဆောက်ဖို့ ဆေးဝါးတွေ လုံလုံလောက်လောက်ပေးဖို့ ကိစ္စတွေ ။ လူမှုဖူလုံရေးငွေစုငွေချေး အသင်းတွေ ထောင်ပေးဖို့ ကိစ္စတွေ အဲဒါတွေ ဆွေးနွေးပါတယ်” ဟု ၎င်းကပြောသည်။
ထိုပြင် လူမှုဖူလုံရေး၌ အကျုံးဝင်သော အလုပ်သမားများအတွက် အကျိုးအမြတ်ရရှိရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။
“ဆွေးနွေးပွဲမှာ သူ့အမြင်ကိုယ့်အမြင်အများကြီးပြောကြတာပေါ့။ ဒါပေမယ့် တချို့ဟာတွေက လုပ်နိုင်တယ်ဆိုပေမယ့် တချို့ဟာတွေက လုပ်လို့ မရသေးတာရှိတာပေါ့။ ကျွန်တော်အခုတင်ပြခဲ့တာတွေက လုပ်နိုင်တဲ့ကိစ္စတွေဖြစ်တယ်။ လုပ်နိုင်တဲ့ကိစ္စတွေဖြစ်တော့ ကျွန်တော်တို့ နိုင်ငံတော်အစိုးရကို တင်ပြပြီးတော့မှ ဆက်လက်ပြီး လူမှုဖူလုံရေးဝင်တဲ့အလုပ်သမားတွေအတွက် အကျိုးအမြတ်ရှိအောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါဆွေးနွေးပွဲတွင် ဝန်ကြီးအငြိမ်းစားများ ၊ ဒုတိယဝန်ကြီး အငြိမ်းစားများ၊ ကျွမ်းကျင်သည့် အလုပ်သမားရေးရာ တာဝန်ရှိသူများ၊ အလုပ်ရှင်အလုပ်သမားရေးရာအဖွဲ့များ၊ အလုပ်သမားသမဂ္ဂများနှင့် လူမှုဖူလုံရေးနှင့် ဆက်စပ်၍ ဆေးရုံဆေးခန်းဖွင့်လှစ်နေသည့် ပုဂ္ဂိုလ်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။