NP News

ပုသိမ်မြို့တွင် စက်သုံးဆီ (၂) ရက်ခန့် ယာယီပြတ်တောက်ပြီးနောက် တိုင်းဒေသကြီးအစိုးရအစီအစဥ်ဖြင့် ပုံမှန်ပြန်လည်ရရှိ

သားပု (NP News) - နိဝင်ဘာ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ခရီးသွားဧည့်သည်များ ဝင်ထွက်သွားလာမှုများသောကြောင့် ပုသိမ်မြို့ပေါ် နှင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေရှိ စက်သုံးဆီဆိုင်များတွင် ဆီယာယီပြတ်တောက်မှုဖြစ်ပွားခဲ့ရာ တိုင်းဒေသကြီးအစိုးရ၏ အစီအစဥ်ဖြင့် ဖြည့်တင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

"ဒီနေ့တော့ အကုန်ပြန်ရပါပြီ။ အရင်ရက်ကတော့ ခရီးသွားဧည့်သည်ကားတွေ အဝင်များလို့ နည်းနည်း junk ဖြစ်သွားတာပါ။ တစ်ချို့တွေကလည်း မြို့ထဲကဆီဆိုင်တွေပဲစုပြုံတိုးကြတော့ လူတန်းရှည်တာပေါ့။မြို့ပြင်ဆိုင်တွေကို သိပ်ထွက်မထည့်ကြတော့ဘူး။ ကျွန်တော်အခုပဲ ဆိုင်တွေလှည့်ကြည့်ပြီးပြန်လာတာ" ဟု လျှပ်စစ်၊ လမ်းပန်း၊စွမ်းအင်ဝန်ကြီး ဦးကျော်ထွန်းဇော်က NP News သို့ ပြောသည်။
သီတင်းကျွတ်ကာလ ကျောင်းပိတ်ရက်တွင်ငွေဆောင်၊ချောင်းသာ ခရီးသွားဧည့်သည်လာရောက်လည်ပတ်မှုများသောကြောင့် ဆီပြတ်တောက်သည်အထိ ဖြစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

" ကျွန်တော်တို့က Real Time Po ဆိုတော့ ခွဲတမ်းက အရင်ကလောက်တော့မကျတော့ဘူးပေါ့။QR နဲ့ခွဲတမ်းပြန်ချပေးနေတော့ နဲတော့နဲသွားတာပေါ့။ ပုံမှန်ဆီ ခွဲတမ်းတော့ရှိပါတယ်။ ဒါပေမယ့် ခရီးသွားကားတွေရော၊ဆိုင်ကယ်တွေရောဝင်ထည့်ကျတော့ QR ကိုက်တာတွေရော QRမကိုက်တာရော အကုန်ထည့်ပေးနေရတာပေါ့။ အခုတော့ တိုင်းအစိုးရအစီအစဥ်နဲ့ စွမ်းအင်ဌာနက လိုအပ်တာဖြည့်ပေးနေတော့ အခုအရင်လိုပဲ ပုံမှန်ပြန်ဖြစ်သွားပါပြီ"ဟု Winner ဆီဆိုင်မှ မန်နေဂျာဦးဥာဏ်လင်းရွှေ က NP News သို့ ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ငွေဆောင်၊ ချောင်းသာ နှင့် ရွှေသောင်ယံကမ်းခြေသို့လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည် (၃၃,၁၆၀) ဦးရှိကြောင်း သိရသည်။

မူရင်းသတင်း — NP News