
ထိုက်စံ (NP News) - နိုဝင်ဘာလ ၂
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်အတွင်း ရေကြီး၊ တောင်ပြိုမှုများကြောင့် ထိခိုက် ပျက်စီးခဲ့သည့် ကျေးရွာများတွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများစတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွင် ပါဝင်ဆောင် ရွက်နေသူတစ်ဦးက NP News သို့ ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း ပြီးခဲ့သည့် စက်တင်ဘာလ (၂၆)ရက် ညနေပိုင်းမှစတင်ကာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုဖြစ်ပေါ်၍ မြို့နယ်အချို့တွင် မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည့်အပြင် တောင်ပြိုမှုများဖြစ် ပေါ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားခဲ့မှုတွင် လောင်းလုံမြို့နယ်အတွင်း တောင်ခြေကျေးရွာများစွာ သဘာဝဘေးဒဏ်ခံခဲ့ရပြီး ထိုအထဲ တွင် ကျောက်နီမော်ကျေးရွာ၊ တောကျဲ ကျေး ရွာ၊ သဗျာကျေးရွာနှင့် ကဒက်ငယ်ထိန်ကျေးရွာတို့တွင် ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံးဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ဖြစ်သွားတဲ့ တောင်ခြေကျေးရွာတွေက တော့တော်တော်များတယ်။ တိတိကျကျတော့ ကျွန်တော်လည်း မသိဘူး။ အဆိုးဆုံးဖြစ်တဲ့ရွာတွေကတော့ ကျောက်နီမော်၊ တောကျဲရယ်၊ သဗျာတို့၊ ကဒက်ငယ်ထိန်တို့ အဲဒီလောက် တွေကတော့ တော်တော်လေးဆိုးသွားတယ်ပေါ့။ အဲဒီရွာတွေ ရှင်းလင်းရေးကတော့ မြေတွေအကုန်ဖယ်ထုတ်ဖို့ ဆိုတာကတော့ မပြီးသေးဘူးပေါ့။ ကျွန်တော်တို့ အခုလောလောဆယ် အန္တရာယ်မဖြစ်အောင် လမ်းတွေကိုထပ်ချဲ့ပြီး တော့ လမ်းဖို့ဖို့နဲ့ ကျောက်တုံးတွေကို လိုက်ခွဲတာတို့ အကုန်လုံးတော့ လိုက်လုပ်ပေးပြီးသွားပြီ”ဟု ၎င်းက ပြောသည်။
ထိခိုက်ခဲ့သည့်ကျေးရွာများကို ဌာနဆိုင်ရာ အဖွဲ့များအပါအဝင် တစ်နိုင်ငံလုံးရှိ ပရဟိတအဖွဲ့များမှ ရှင်းလင်း ရေးလုပ်ငန်းများဆောင်ရွက်သည်မှာ (၉၀)ရာခိုင်နှုန်းခန့်ပြီးစီးပြီဖြစ်ကာ ပြန်လည်ထူထောင် ရေးလုပ်ငန်းများ စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
“လောင်းလုံမြို့နယ်က ပြန်လည်ထူထောင်ရေးက အခုမှ စတာပေါ့။ ရှင်းလင်းရေးကတော့ (၉၀)ရာခိုင်နှုန်း လောက်တော့ ပြီးပြီနဲ့တူတယ်။ အဖွဲ့ကတော့အစုံပဲ ပရဟိတအဖွဲ့တွေရှိတယ်၊ ကျွန်တော်တို့ ဌာနဆိုင်ရာအဖွဲ့ တွေရှိတယ်။ အကုန်လုံးပူးပေါင်း ပြီးတော့ ဝိုင်းလုပ်ကြတာပေါ့။ ရေရရှိရေးအပိုင်းတို့၊ ချောင်းတူးတာတို့၊ ရှင်းလင်းတာတို့ အိမ်ရာတည် ဆောက်တာတွေတော့ ဝိုင်းလုပ်တာရှိတာပေါ့။ ကျွန်တော်တို့ အခုလောလောဆယ်ကတော့ အိမ်ကတော့ တချို့တလေပဲဆောက်ရသေးတယ်။ မရှိသေးဘူး။ အခုကတော့ ရွာထဲမှာ ရှင်းလင်းပြီးတော့ ချောင်းတွေ ဖော်ဖို့ရာ အကုန်လုပ်နေကြတယ်ပေါ့”ဟု ၎င်းက ပြောသည်။
ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ဆောင်ရာတွင် သဘာဝဘေးသင့်ပြည်သူများ အဆင်ပြေသည်အထိ ဆောင် ရွက်ရမည်ဖြစ်သောကြောင့် ငွေကြေးလိုအပ်မှုအပေါ်မူတည်၍ မည့်သည့်အချိန် ပြီးစီးရန်သတ်မှတ်ထားခြင်း မျိုးမရှိ ကြောင်း ၎င်းကဆိုသည်။
“ဘယ်အချိန်အကုန်ပြီးဖို့ လျာထားတယ် ဆိုတာတော့ အကန့်အသတ်တော့ မရှိလောက်ဘူးဗျ။ ဘာလို့လဲဆို သူ့ဟာက တစ်ကန့်ပြီးတစ်ကန့် လုပ်ပေးရမှာဆိုတော့ အိုးအိမ်ကလည်းကျန်ဦးမှာကိုး။ အဲဒါအပြင် သူတို့ လုပ်ကိုင်စား သောက်ဖို့နေရာတွေလည်း ပြန်ရှင်းလင်းပေးရမှာတွေကျတော့ ကျွန်တော်တို့ အကန့်အသတ်ကတော့ ငွေရေးကြေး ရေးပေါ်ကွာမှာပဲ။ လှူဒါန်းတဲ့ဟာတွေလှူနိုင်သလောက်တွေတော့ လုပ်နေတာပေါ့”ဟု ၎င်းကပြောသည်။ အဆိုပါ တောင်ပြိုမှုများ စတင်ဖြစ်ပွားစဉ်က ဖွင့်လှစ်ခဲ့သည့် ယာယီကယ်ဆယ်ရေးစခန်းများ၌နေထိုင်သည့် ပြည်သူများ မှာလည်း ဘေးလွတ်ရာနှင့် ၎င်းတို့၏အမျိုးအဆွေများထံ အသီးသီး ပြန်လည်ပြောင်းရွှေ့သွားကြပြီဖြစ် သောကြောင့် စခန်းအများစုမှာ ပိတ်သိမ်းသွားပြီဖြစ် ကြောင်းသိရသည်။
“ပြည်သူတွေကလည်း ကယ်ဆယ်ရေး စခန်းတွေကတော့ မရှိတော့ဘူး။ သူ့နေရာနဲ့သူတော့ ရောက်ကုန်တာ အကုန်လုံးပြန်ကုန်ပြီပေါ့။ ကယ်ဆယ် ရေးစခန်းတွေတော့ ပိတ်သလောက်ဖြစ်သွားပြီ။ ရေရှည်ကျတော့ သူတို့ရဲ့ပတ် သက်ရာပတ်သက်ကြောင်း ပြန်ပြောင်းကုန်တာပေါ့။ ကျွန်တော်တို့ကယ်ဆယ်ရေး စခန်းတွေမှာတော့ မရှိကြတော့ဘူး။ အိမ်တွေ ပျက်စီးဆုံးရှုံးသွားတဲ့နေရာတွေကိုတော့ ဖယ်ပြီးတော့ နေရာ ပြန်လုပ် အိမ်ခန်းနေရာတွေကို တော့တတ် နိုင်သလောက် ပြန်လုပ်ပေးနေတယ်ပေါ့။ အခုက သဗျာရွာမှာလုပ်နေတယ်”ဟု ၎င်းကပြောသည်။
ထို့ပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအနေဖြင့် ရေရရှိရေးအတွက် ရေတွင်းများတူးပေးခြင်း၊ ချောင်း တူးဖော်ရှင်းလင်းခြင်းနှင့် လျှပ်စစ်ဓာတ်တိုင် ပျက်စီးမှုများ၊ အိမ်နှင့်လူဦးရေ ဆုံးရှုံးနစ်နာမှုစာရင်း များကို ကောက်ယူ တင်ပြထားပြီးဖြစ်ကြောင်းသိရသည်။
“ချောင်းဖော်တာတို့၊ အိမ်လုပ်တာတို့၊ ဓာတ်တိုင်အရေအတွက်တို့၊ အိမ်အရေအတွက်တို့၊ လူဦးရေ ဆုံးရှုံး နစ်နာတဲ့ဟာတွေ ဓါတ်တိုင်ကအစ အကုန်လုံးတော့ ကျွန်တော်တို့တင်ပြထားတယ်ပေါ့။ သက်ဆိုင်ရာဌာကနေ စာရင်း ကောက်ခိုင်းတဲ့ဟာတွေ တော့ လိုက်ကောက်ပြီး တင်ပြထားတယ်ပေါ့”ဟု ၎င်းကပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုနှင့်မြေပြိုမှု များဖြစ်ပွားခဲ့ခြင်း ကြောင့် ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းနှင့်တနင်္သာရီမြို့နယ်တို့တွင် အိမ်ခြေ (၃၀၂၂)လုံးနှင့် လူဦးရေ (၂၂၅၉၁)ဦး ရေဘေးသင့်ခဲ့ပြီး အိမ်ထောင်စု (၂၀၉၉)စု၊ လူဦးရေ (၇၇၈၅)ဦး ကို ရေဘေးရှောင်စခန်း(၂၁)ခုသို့ ယာယီရွှေ့ပြောင်း ပေးခဲ့ရကြောင်း သိရသည်။