NP News

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့ မိုင်းလားသို့ရောက်ရှိနေ

သန့်ဇင် (NP News) - နိုဝင်ဘာ ၂

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC)ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် မိုင်းလားမြို့သို့ရောက်ရှိနေကြောင်း NSPNC နှင့် နီးစပ်သူများထံ NP News က မေးမြန်းထားချက်အရ သိရသည်။

NSPNC ဥက္ကဋ္ဌ ဦးဆောင်သောအဖွဲ့သည့် ယမန်နေ့( နိုဝင်ဘာ ၁ ရက်) က စတင်ကာ မိုင်းလားမြို့သို့ ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့ကသွားတာပါ။ ပုံမှန် ဟိုမှာ ဆွေးနွေးလိုက်၊ ဒီမှာဆွေးနွေးလိုက်လုပ်တာပါပဲ။ ပထမ NSPNC က သွားတယ်။ သူတို့ကလာတယ်။ အခုပြန်သွားတယ်။ ဒါပါပဲ။ အထူးတလည် မဟုတ်ပါဘူး။ အေးဆေးပြီးသွားပါပြီ” ဟု ၎င်းက ပြောသည်။

NSPNC နှင့် NDAA တို့သည် ပြီးခဲ့သည့် ဩဂုတ်လ (၁၀) ရက်နှင့် (၁၁) တို့တွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်အစည်း အဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။
ယင်းမတိုင်မီ ဇွန်လ (၁၇) ရက်ကလည်း NSPNC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် NDAA တို့ မိုင်းလာမြို့တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ပြီးခဲ့သည့်ကာလကလည်း ငြိမ်းချမ်းရေးဖိတ်ခေါ်ချက်အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း (၁၃) ဖွဲ့ထက်မနည်းနှင့် NSPNC တို့တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News