Myanmar Digital News

အီရန်၏ တောင်းဆိုချက်များအား အမေရိကန်လိုက်လျောပါက ဟော်မုဇ်ရေလက်ကြားအား နှစ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်မည်ဟု အီရန် ပြောကြား

တီဟီရန်    နိုဝင်ဘာ    ၂

အီရန်၏   တောင်းဆိုချက်များအား အမေရိကန်ဘက်မှ လိုက်လျောပါက ဟော်မုဇ်ရေလက်ကြားအား နှစ်ရက်အတွင်း ပြန်လည်ဖွင့်လှစ်ရန်ဆောင်ရွက်မည်ဟု အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ္စမေး ဗဂါအီက နိုဝင်ဘာ ၂ ရက်တွင်  ပြောကြားသည်။  

ယခင်က  အဆိုပါရေလက်ကြားကို သီတင်းတစ်ပတ်အတွင်း  ပြန်ဖွင့်မည်ဟု အဆိုပြုခဲ့သော်လည်း ယခုအခါ ကြားခံနိုင်ငံများမှတစ်ဆင့် ညှိနှိုင်းမှုများပြုလုပ်ပြီးနောက် နှစ်ရက်အတွင်း ပြန်ဖွင့်ပေးနိုင်မည့်အစီအစဉ်သစ်သို့  လျှော့ချပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

အီရန်နိုင်ငံ၏ တောင်းဆိုချက်များ ပြည့်မီပါက ဟော်မုဇ်ရေလက်ကြားတွင် လုံခြုံရေးကို ပြန်လည်ထိန်းသိမ်းပြီး မကြာမီကာလအတွင်း ညှိနှိုင်းဆွေးနွေးမှုလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်မည့် အလားအလာရှိလာမည်ကို မိမိတို့ ကြေညာထားပြီးဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။   လက်ရှိ အခြေအနေတွင် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း၏ အနာဂတ်သည် အမေရိကန်ဘက်မှ ဆုံးဖြတ်ချက်အပေါ်တွင်သာ မူတည်သည်ဟု  ၎င်းက မှတ်ချက်ပြုပြောကြားသည်။

အမေရိကန်အနေဖြင့် အီရန်ကို ဆန့်ကျင်သည့် ရေကြောင်းပိတ်ဆို့မှုကို အဆုံးမသတ်ဘဲ တီဟီရန်ဘက်မှ တင်ပြထားသည့် “တရားမျှတသော” တောင်းဆိုချက်များကို ဖြေရှင်းဆောင်ရွက်ပေးခြင်း မရှိပါက မည်သည့်သဘောတူညီချက်မျှ ရရှိလာမည်မဟုတ်သလို ဟော်မုဇ်ရေလက်ကြားကိုလည်း ပြန်လည်ဖွင့်လှစ်ပေးမည် မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။

အီရန်နိုင်ငံအနေဖြင့် မိမိ၏တောင်းဆိုချက်များကို “ရှင်းလင်းပြတ်သားစွာ၊ ကျိုးကြောင်းဆီလျော်စွာနှင့် ယုတ္တိရှိစွာ တင်ပြထားကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။                          

ဆင်ဟွာ

မူရင်းသတင်း — Myanmar Digital News