Myanmar Digital News

ဂျပန်နိုင်ငံ၌ သဘာဝဘေးဆိုင်ရာ ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်မှု ကြီးကြပ်ရေး အေဂျင်စီ ဖွဲ့စည်း

တိုကျို      နိုဝင်ဘာ     ၂

ဂျပန်အစိုးရသည် နိုင်ငံအတွင်း သဘာဝဘေးဆိုင်ရာ  ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများအား ကြီးကြပ်ရန်အတွက် အေဂျင်စီတစ်ခုကို    နိုဝင်ဘာ ၂ ရက်က  ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

နိုင်ငံအတွင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအေဂျင်စီကို ဒိုင်ယက်လွှတ်တော်က ဇူလိုင်လအတွင်း  ဥပဒေပြဋ္ဌာန်းကာ ဖွဲ့စည်းခဲ့သည်။

ယခုဖွဲ့စည်းလိုက်သည့် အေဂျင်စီသည် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအတွက် ဗဟိုကွပ်ကဲရေးဌာနအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း၊  ပြန်လည်ထူထောင်ရေးနှင့်   ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို  ကြီးကြပ်ကွပ်ကဲမည်ဖြစ်သည်။

အစိုးရသည် နိုင်ငံ၏ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို အခြေခံကျကျ အားကောင်းလာစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

အဆိုပါအေဂျင်စီအား ဝန်ကြီးချုပ် တာကာချီ ဆာနေးက ဦးဆောင်မည်ဖြစ်ပြီး  ဘေးအန္တရာယ် စီမံခန့်ခွဲရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဟိုဆိုနို ဂိုရှီက ၎င်းအား လုပ်ငန်းများ ကူညီဆောင်ရွက်ပေးမည်ဖြစ်သည်။

ဝန်ကြီးဌာနများနှင့် အေဂျင်စီများအကြား ပိုမိုကောင်းမွန်သော ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှု ရှိစေရန်အတွက် ၎င်းတို့ထံသို့ အကြံပြုချက်များပေးပို့နိုင်သည့်လုပ်ပိုင်ခွင့်အား ဘေးအန္တရာယ် စီမံခန့်ခွဲရေး ဆိုင်ရာဝန်ကြီးကို ပေးအပ်ထားမည်ဖြစ်ကာ   သက်ဆိုင်ရာတာဝန်ရှိသူများ အနေဖြင့်လည်း  ၎င်းတို့ထံ ပေးပို့လာသည့် အကြံပြုချက်များကို  ထည့်သွင်းစဉ်းစားဆောင်ရွက်ရန် လိုအပ်ကြောင်း သိရသည်။                             

အင်န်အိတ်ချ်ကေ

မူရင်းသတင်း — Myanmar Digital News