Myanmar Transparency News

ပြိုင်ပွဲအတွင်း မိုးကြိုးပစ်ခံရပြီးနောက် အသက် ၁၅ နှစ်အရွယ် ထိုင်းဂေါက်သီးရိုက်အားကစားမယ် ကွယ်လွန်

မြန်မာနိုင်ငံတွင် အလုပ်လုပ်နေသည့် ဖခင်ဖြစ်သူ နောက်ဆုံး နှုတ်ဆက်နိုင်ချိန်အထိ သမီးဖြစ်သူက ကြံ့ကြံ့ခံအသက်ဆက်ပေးထားခဲ့ဟု မိသားစုပြောကြား

သက်တံ့
၃. ၁၁. ၂၀၂၆

ထိုင်းနိုင်ငံ၊ ချာချိုအဲန်ဆော (Chachoengsao) ခရိုင်ရှိ ဂေါက်ကွင်းတစ်ခုတွင် ကျင်းပသော ပြိုင်ပွဲတစ်ခုအတွင်း မိုးကြိုးပစ်ခံရပြီးနောက် အသက် ၁၅ နှစ်အရွယ် ထိုင်းလူငယ်ဂေါက်သီးရိုက် အားကစားသမားမလေး ကွယ်လွန်သွားခဲ့ရာ ယင်းဖြစ်စဉ်ကြောင့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် ပိုမိုတင်းကျပ်သော ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများ ချမှတ်ပေးရန် မိသားစုက တောင်းဆိုလိုက်ကြသည်။

“Aya” ဟု လူသိများသည့် အာယာဝါရင် ပရာဒါဘတ်သည် နိုဝင်ဘာ ၁ ရက်နေ့က အဆိုပါဂေါက်ကွင်း၌ ပြိုင်ပွဲဝင်နေစဉ် မိုးကြိုးပစ်ခံခဲ့ရခြင်းဖြစ်သည်။ သူမ ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုက တနင်္လာနေ့တွင် “Icezy Aya Ivy Pradabyat” Facebook အကောင့်မှတစ်ဆင့် အတည်ပြုပြောကြားခဲ့သည်။

သူမ၏ မိခင်ဖြစ်သူ အသက် ၄၉ နှစ်အရွယ် နတ်ဆာ ပရာဒါဘတ် (Natcha Pradabyat) ကမူ မိုးကြိုးပစ်ခံရပြီးနောက် သမီးဖြစ်သူ၏ နှလုံးခုန်သံသည် တစ်နာရီနီးပါးမျှ ရပ်တန့်သွားခဲ့ပြီးမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက ပြန်လည်အသက်ရှူနိုင်အောင် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အာယာသည် အခြေအနေ စိုးရိမ်ရသည့်အတွက် ညလုံးပေါက် အရေးပေါ် ပြန်လည်အသက်ရှူနည်းများ (Resuscitation) ဖြင့် ကုသမှုခံယူခဲ့ရသည်။ မြန်မာနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ဖခင်ဖြစ်သူ ပြန်လာပြီး နောက်ဆုံးနှုတ်ဆက်နိုင်သည့်အချိန်အထိ သမီးဖြစ်သူသည် ကြံ့ကြံ့ခံအသက်ဆက် အားတင်သွားခဲ့ကြောင်း မိသားစုက ပြောကြားသည်။

“ဘယ်မိဘကမှ မိမိကလေးကို စွန့်လွှတ်ဖို့ ဆန္ဒမရှိကြပါဘူး။ ဒါပေမဲ့ ဒီလိုဆက်ထိန်းထားတာဟာ ချစ်လှစွာသော သမီးလေးကို ပိုပြီးနာကျင်စေတယ်ဆိုရင်တော့ သမီးလေး ငြိမ်းချမ်းစွာ ထွက်ခွာသွားနိုင်ဖို့ ဆုံးဖြတ်ရတော့မှာပါ” ဟု မိခင်ဖြစ်သူက Facebook တွင် ရေးသားခဲ့သလို “သမီးလေး အာယာ… အစွမ်းကုန် တိုက်ပွဲဝင်ခဲ့တာပဲ။ အေးချမ်းစွာ အနားယူပါတော့ သမီးလေးရယ်” ဟုလည်း ဆုတောင်း ရေးသားခဲ့သည်။

ထို့အတူ နတ်ဆာက ဂေါက်ကွင်းများနှင့် ပြိုင်ပွဲကျင်းပရေးကော်မတီများအနေဖြင့် ကြိုတင်ကာကွယ်ရေး အစီအမံများနှင့် အရေးပေါ် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ထုံးလုပ်နည်းများ ပါဝင်သည့် ပိုမိုအားကောင်းသော ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းများကို စတင်ကျင့်သုံးကြရန် တိုက်တွန်းခဲ့သည်။

“အာယာ့ဖြစ်စဉ်ဟာ လူငယ်ဂေါက်သီးရိုက် အားကစားသမားတစ်ယောက်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံးဖြစ်စဉ် ဖြစ်ပါစေ။ ဂေါက်ကွင်းတိုင်းနဲ့ ပြိုင်ပွဲကျင်းပသူတိုင်းအနေနဲ့ အခုလိုဖြစ်စဉ်မျိုး မဖြစ်အောင် တားဆီးဖို့ စနစ်တကျ အစီအမံတွေ ထားရှိကြဖို့နဲ့ အရေးပေါ်အခြေအနေတွေ ဖြစ်ပွားလာရင် တတ်နိုင်သမျှ အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ ဘယ်သူမှ ဒီလိုဆုံးရှုံးမှုမျိုး နောက်ထပ် မကြုံတွေ့သင့်တော့ပါဘူး” ဟု သူမက ရေးသားခဲ့သည်။

အသက် ၆၇ နှစ်အရွယ် အာယာ၏ ဘွားဖြစ်သူ အာဖွန် ပရာဒါဘတ် (Aphorn Pradabyat) က မိုးကြိုးမုန်တိုင်း လာနေချိန်တွင် ပြိုင်ပွဲကို စီမံခန့်ခွဲခဲ့သည့် ပုံစံနှင့်ပတ်သက်၍ မေးခွန်းထုတ်ခဲ့သလို စိုးရိမ်ကြောင်းလည်း ပြောကြားခဲ့သည်။

အာယာသည် အခြားဂေါက်သီးရိုက် အားကစားသမား ၃၊ ၄ ယောက်၊ ကက်ဒီများနှင့်အတူ ကစားနေစဉ် သူမ၏မိခင်မှာ ကလပ်အသင်းရုံး (Clubhouse) တွင် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အာဖွန်၏ ပြောကြားချက်အရ မွန်းလွဲပိုင်းတွင် အဆိုပါဧရိယာအတွင်း မိုးကြိုး နှစ်ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့သော်လည်း ပြိုင်ပွဲတာဝန်ရှိသူများက ကစားပွဲကို ရပ်နားရန် အမိန့်မပေးခဲ့ပေ။

ပြိုင်ပွဲကို အမြန်ပြီးစီးချင်သောကြောင့် ဆက်လက်ကစားခွင့်ပြုခဲ့ခြင်း ရှိမရှိ သူမက မေးခွန်းထုတ်ခဲ့သော်လည်း ယင်းအချက်ကို အတည်ပြုနိုင်ခြင်း မရှိသေးပေ။

တတိယအကြိမ် မိုးကြိုးပစ်ခတ်မှုမှာ အာယာကို ထိမှန်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က သူမသည် ကျင်း ၁၁ (11th hole) အနီးတွင် ကစားနေခြင်းဖြစ်ကြောင်း အဘွားဖြစ်သူက ပြောသည်။

ပြိုင်ပွဲ၏ ဘေးအန္တရာယ်ကင်းရှင်းရေး စီစဉ်ထားရှိမှုနှင့် အရေးပေါ်တုံ့ပြန်မှုတို့နှင့် ပတ်သက်၍ မိသားစု၏ ပြောကြားချက်များကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို၊ ဂေါက်ကွင်း သို့မဟုတ် ပြိုင်ပွဲကျင်းပသူများထံမှ တုံ့ပြန်ချက်လည်း ရရှိထားသော သတင်းအချက်အလက်များတွင် မပါဝင်သေးပေ။

အာယာသည် ပြိုင်ပွဲများစွာတွင် ဆုတံဆိပ်များ ဆွတ်ခူးခဲ့ဖူးသော အတော်ဆုံး လူငယ်ဂေါက်သီးရိုက် အားကစားသမားတစ်ဦးဖြစ်သည်။ သူမသည် သူမ၏ ခရိုင်ကိုယ်စားပြု ဂေါက်သီးရိုက်အသင်းတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးပြီး ချွန်ဘူရီ (Chon Buri) ခရိုင် ဂေါက်သီးရိုက်အသင်းအတွက်လည်း အရန်ကစားသမားအဖြစ် လျာထားခြင်းခံထားရသူ ဖြစ်သည်။

ညလုံးပေါက် အာယာ၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး မြန်မာနိုင်ငံမှ ဖခင်ဖြစ်သူ ပြန်လာသည်ကို စောင့်ဆိုင်းနေစဉ် ဆေးဝါးများဖြင့် အသက်ဆက်ထားခဲ့ရကြောင်းလည်း အဘွားဖြစ်သူက ပြောသည်။

နှုတ်ဆက်စကားပြောရန် ဖခင်ဖြစ်သူ ရောက်ရှိလာပြီးနောက် တနင်္လာနေ့ နံနက်ပိုင်းတွင်ပင် သူမ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

မိသားစုက တနင်္လာနေ့တွင်ပင် အာယာ၏ ရုပ်ကလာပ်ကို အိမ်သို့ ပြန်လည်သယ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

Ref: Khaosod

မူရင်းသတင်း — Myanmar Transparency News