Myanmar Digital News

တိုင်းရင်းဆေးပညာဖြင့် ပြည်သူ့ကျန်းမာရေးကို ကာကွယ်၍ နိုင်ငံ့အင်အားကို မြှင့်တင်ကြပါစို့

ဉာဏ်သစ် (မန်းတက္ကသိုလ်)

“ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး”၊ “မနာမကျင် ကိုယ်စိတ်ရွှင်”၊ “အစာလည်းဆေး၊ ဆေးလည်းအစာ”ဟူသော မြန်မာ့ဆိုရိုးစကားများသည် ကျန်းမာရေးကို မြန်မာလူမျိုးတို့ ရှေးပဝေသဏီကတည်းက အလွန်တန်ဖိုးထားခဲ့ကြောင်း ဖော်ပြနေပါသည်။

မြန်မာနိုင်ငံ၏ တိုင်းရင်းသားလူမျိုးများသည် သဘာဝပတ်ဝန်းကျင်မှရရှိသော ဆေးဖက်ဝင်အပင်များ၊ အမြစ်များ၊ အရွက်များနှင့် သဘာဝဓာတ်ပစ္စည်းများကိုအသုံးပြုကာ ရောဂါကာကွယ်ခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်ခြင်းကို ဆောင်ရွက်ခဲ့ကြသည်။ ယင်းအသိပညာများသည် မျိုးဆက်အဆက်ဆက် လက်ဆင့်ကမ်းလာသော အဖိုးတန်အမျိုးသားအမွေအနှစ်တစ်ရပ်ဖြစ်သည်။

ယနေ့ခေတ်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် နိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်း များက တိုင်းရင်းဆေးပညာကို ခေတ်မီဆေးပညာနှင့် ပေါင်းစပ်အသုံးပြုနိုင်သည့် ကျန်းမာရေးအရင်းအမြစ် တစ်ရပ်အဖြစ် ပိုမိုအသိအမှတ်ပြုလာကြသည်။ ထို့ကြောင့် တိုင်းရင်းဆေးပညာသည် ကျန်းမာရေး စောင့်ရှောက်မှုသာမက ယဉ်ကျေးမှု၊ စီးပွားရေးနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးပါသောအခန်းကဏ္ဍမှ ထမ်းဆောင်လျက်ရှိသည်။

ကမ္ဘာ့ကျန်းမာရေးစနစ်အတွင်း တိုင်းရင်းဆေးပညာ၏ အခန်းကဏ္ဍ

WHO သည် ၁၉၇၈ ခုနှစ် အယ်လ်မာ-အာတာ (Alma-Ata) ကြေညာစာတမ်းမှစတင်၍ “လူတိုင်း အတွက် ကျန်းမာရေး” ရည်မှန်းချက်အောက်တွင် တိုင်းရင်းဆေးပညာ၊ ရိုးရာကုထုံးများနှင့် ဒေသန္တရ ကျန်းမာရေးအသိပညာများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုခဲ့ပြီး ၂၀၀၂–၂၀၀၅၊ ၂၀၁၄–၂၀၂၃ နှင့် ၂၀၂၅–၂၀၃၄ ကာလများအတွက် ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းဆေးပညာမဟာဗျူဟာများကို ဆက်လက်ချမှတ် အကောင်အထည်ဖော်လျက်ရှိပါသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် တိုင်းရင်းဆေး ပညာအသုံးပြုမှုရှိနေပြီး ကျန်းမာရေးဝန်ဆောင်မှု လက်လှမ်းမမီသောဒေသများ၌ အခြေခံကျန်းမာရေး အရင်းအမြစ်အဖြစ် အရေးပါစွာ ရပ်တည်လျက်ရှိသည်။ WHO ၏မူဝါဒမှာ တိုင်းရင်းဆေးပညာကို ခေတ်မီဆေးပညာ၏ အစားထိုးနည်းလမ်းအဖြစ် မဟုတ်ဘဲ သိပ္ပံနည်းကျ သုတေသန၊ စံချိန်စံညွှန်း၊ အရည်အသွေးထိန်းချုပ်မှုနှင့် ဥပဒေစည်းမျဉ်းများ အပေါ်အခြေခံ၍ အမျိုးသားကျန်းမာရေးစနစ်များအတွင်း လုံခြုံစိတ်ချစွာ ပေါင်းစပ်အသုံးပြုနိုင်ရေးကို အားပေးခြင်းဖြစ်ပါသည်။

WHO ၏ ၂၀၂၅–၂၀၃၄ ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းဆေးပညာမဟာဗျူဟာအရ ကမ္ဘာ့နိုင်ငံများ ၏ ၈၈ ရာခိုင်နှုန်းသည် မိမိတို့နိုင်ငံအတွင်း တိုင်းရင်းဆေးပညာ အသုံးပြုမှုရှိကြောင်း အစီရင်ခံထားပြီး နိုင်ငံအများစုတွင် လူဦးရေ၏ ၄၀ ရာခိုင်နှုန်း မှ ၉၉ ရာခိုင်နှုန်းအထိသည် တိုင်းရင်းဆေးပညာကို ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသုံးပြုလျက်ရှိကြောင်း ဖော်ပြထားပါသည်။ ထို့ပြင် ကမ္ဘာ့ လူဦးရေ၏တစ်ဝက်ခန့်မှာ အခြေခံကျန်းမာရေး ဝန်ဆောင်မှုများကို အပြည့်အဝ လက်လှမ်းမမီသေး သည့်အတွက် တိုင်းရင်းဆေးပညာသည် လူအများအတွက် အနီးစပ်ဆုံးနှင့် လက်လှမ်းအမီဆုံး ကျန်းမာရေးအရင်းအမြစ်တစ်ရပ်အဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါသည်။

အထူးသဖြင့် တရုတ်တိုင်းရင်းဆေးပညာ၊ အိန္ဒိယ၏ အာယုဗေဒ၊ ယောဂကျင့်စဉ်၊ အာဖရိက နှင့် အရှေ့တောင်အာရှဒေသများ၏ အပင်အခြေခံ ဆေးဝါးများသည် ယနေ့ခေတ်တွင် သိပ္ပံနည်းကျ သုတေသနများဖြင့် ထပ်မံအတည်ပြုခံနေရပြီး ကျန်းမာရေးမြှင့်တင်ခြင်း၊ ရောဂါကာကွယ်ခြင်းနှင့် ရေရှည်ရောဂါများကို ထိန်းချုပ်ကုသရာတွင် အထောက်အကူပြုနိုင်ကြောင်း တွေ့ရှိလာရပါသည်။ WHO ကလည်း တိုင်းရင်းဆေးပညာ၏ အကျိုးကျေးဇူး များကို လက်ခံအသုံးပြုရာတွင် “သိပ္ပံနည်းကျ အထောက်အထားအခြေပြုဆောင်ရွက်မှု”ကို အဓိကထား၍ ဘေးကင်းလုံခြုံမှု၊ အရည်အသွေးနှင့် ထိရောက်မှုတို့ကို ဦးစားပေးဆောင်ရွက်ရန် တိုက်တွန်းထားပါသည်။

ထို့ကြောင့် တိုင်းရင်းဆေးပညာသည် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက်သာမက ဖွံ့ဖြိုးပြီးနိုင်ငံများတွင်ပါ ကျန်းမာရေးစနစ်များကို ပိုမိုအားကောင်းစေရန်၊ ကျန်းမာရေးဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီ စေရန်နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန် အရေးပါသော မဟာဗျူဟာ အရင်းအမြစ်တစ်ရပ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ အသိအမှတ်ပြုမှု ရရှိလျက်ရှိပါသည်။

ဆေးဖက်ဝင်အပင်များနှင့် ခေတ်မီဆေးဝါးဖွံ့ဖြိုးတိုးတက်မှု

သဘာဝဆေးဖက်ဝင်အပင်များသည် လူသားတို့၏ ကျန်းမာရေးကို ရာစုနှစ်များစွာ ပံ့ပိုးပေးခဲ့ကြ သည်။ ယနေ့အသုံးပြုနေသော ခေတ်မီဆေးဝါး များစွာသည် ရိုးရာဆေးပညာမှအခြေခံ၍ ဖော်ထုတ် ခဲ့ကြခြင်းဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ ဆေးဝါးသုတေသနအဖွဲ့အစည်း များ၏ အစီရင်ခံစာများအရ လက်ရှိအသုံးပြုနေသော ခေတ်မီဆေးဝါးများအနက် ၂၅ ရာခိုင်နှုန်းခန့်မှာ အပင်အခြေခံဓာတ်ပစ္စည်းများမှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ ထုတ်လုပ်ထားခြင်းဖြစ် ကြောင်း တွေ့ရှိရပါသည်။ Aspirin၊ Morphine၊ Quinine၊ Digoxin နှင့် Artemisinin ကဲ့သို့သော ဆေးဝါးများသည် ရိုးရာဆေးပညာဆိုင်ရာ အသိပညာများကိုအခြေခံ၍ ဖော်ထုတ်နိုင်ခဲ့သည့် ထင်ရှားသော ဥပမာများဖြစ်ကြပါသည်။

ငှက်ဖျားရောဂါကုသရာတွင် အသုံးပြုသော Artemisinin ဆေးဝါးသည် တရုတ်ရိုးရာဆေးပညာ မှ ဆင်းသက်လာသော ထင်ရှားသည့်ဥပမာတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်း လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း ချင်း၊ နနွင်း၊ ကြက်သွန်ဖြူ၊ ဆေးမြင်းခါး၊ သံပရာသီး၊ လက်ဖက်စိမ်း၊ ပင်စိမ်းနှင့် အခြားဆေးဖက်ဝင်အပင်များကို ရိုးရာကျန်းမာရေးထိန်းသိမ်းမှုတွင် အသုံးပြုလျက်ရှိသည်။ သိပ္ပံနည်းကျ သုတေသနများအရ ယင်းအပင်များတွင် ရောင်ရမ်းမှုလျော့ပါးစေခြင်း၊ အစာခြေစနစ်ကောင်းမွန်စေခြင်းနှင့် ကိုယ်ခံအားကို အထောက်အကူပြုခြင်းစသည့် အကျိုးကျေးဇူးများ ရှိကြောင်း တွေ့ရှိထားသည်။ ကိုဗစ် - ၁၉ ကပ်ရောဂါ အပြီးတွင်လည်း ကမ္ဘာတစ်ဝန်း၌ သဘာဝအခြေခံ ကျန်းမာရေးထိန်းသိမ်းမှုနှင့် တိုင်းရင်းဆေးပညာအပေါ် စိတ်ဝင်စားမှု ပိုမိုမြင့်တက်လာခဲ့ပါသည်။

HIV/AIDS၊ ကင်ဆာနှင့် အခြားနာတာရှည် ရောဂါများအတွက်မူ ခေတ်မီဆေးပညာသည် အဓိက ကုသမှုဖြစ်နေဆဲဖြစ်သော်လည်း တိုင်းရင်းဆေး ပညာနှင့် ဆေးဖက်ဝင်အပင်အချို့ကို ကျန်းမာရေး ပညာရှင်များ၏ လမ်းညွှန်မှုအောက်တွင် တွဲဖက် အသုံးပြုခြင်းဖြင့် အစားအသောက်လိုလားမှု ကောင်းမွန်စေရန်၊ ပင်ပန်းနွမ်းနယ်မှု လျော့ပါးစေရန်၊ ကိုယ်ခံအားကို ထောက်ပံ့ပေးရန်နှင့် လူနာများ၏ ဘဝအရည်အသွေးမြှင့်တင်ရန် အထောက်အကူပြုနိုင်ကြောင်း သုတေသနများက ဖော်ပြထားပါသည်။

သို့ရာတွင် ဆေးဖက်ဝင်အပင်များကို အသုံးပြုရာ၌ ဆေးပညာရှင်များ၏ အကြံဉာဏ်နှင့် သိပ္ပံနည်းကျအထောက်အထားများကို အခြေခံရန် လိုအပ်သည်။ ထို့ကြောင့် ဆေးဖက်ဝင်အပင်များနှင့် တိုင်းရင်းဆေးပညာသည် ရိုးရာယဉ်ကျေးမှုအမွေ အနှစ်တစ်ခုသာမက ခေတ်မီဆေးဝါးသုတေသနများ၏ အရေးပါသောအရင်းအမြစ်တစ်ခုဖြစ်ပြီး လူသားတို့၏ ကျန်းမာရေးလုံခြုံမှု၊ ရောဂါကာကွယ်ရေးနှင့် ရေရှည်တည်တံ့သော ကျန်းမာရေးဖွံ့ဖြိုး တိုးတက်မှုအတွက် ဆက်လက်အရေးပါနေမည့် အဖိုးတန်သဘာဝရတနာတစ်ရပ်လည်း ဖြစ်ပါသည်။

ဘေးကင်းလုံခြုံမှုနှင့် သိပ္ပံနည်းကျဖွံ့ဖြိုးတိုးတက်ရေး

တိုင်းရင်းဆေးပညာ၏တန်ဖိုးကို ရေရှည်တည်တံ့စေရန်အတွက် ရိုးရာအမွေအနှစ်အဖြစ်သာ မထိန်းသိမ်းဘဲ သိပ္ပံနည်းကျစမ်းသပ်အတည်ပြုမှုများ၊ အရည်အသွေးထိန်းချုပ်မှုများနှင့် ဘေးကင်း လုံခြုံရေးဆိုင်ရာစံနှုန်းများဖြင့် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ပါသည်။

ဤရည်ရွယ်ချက်ဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ၂၀၀၂ ခုနှစ်တွင် ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ တိုင်းရင်းဆေးပညာမဟာဗျူဟာကို ချမှတ်ခဲ့ပြီး ၂၀၁၄–၂၀၂၃ မဟာဗျူဟာနှင့် ၂၀၂၅–၂၀၃၄ မဟာဗျူဟာများကို ဆက်လက်အကောင်အထည် ဖော်လျက်ရှိပါသည်။ ၂၀၂၂ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ WHO Global Traditional Medicine Centre ကို တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းရှိ တိုင်းရင်းဆေး ပညာဆိုင်ရာ သုတေသန၊ ဒေတာစုဆောင်းခြင်း၊ ဆန်းသစ်တီထွင်မှုနှင့် မူဝါဒဖွံ့ဖြိုးရေးလုပ်ငန်းများ ကို အားကောင်းစွာ ပံ့ပိုးလျက်ရှိပါသည်။

တိုင်းရင်းဆေးပညာကို ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ဘေးကင်းလုံခြုံမှု၊ အရည်အသွေးနှင့် ထိရောက်မှုတို့ကို အာမခံနိုင်သောစနစ်များလိုအပ် သည်။ WHO ၏ မူဝါဒများအရ တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်ရေးတွင် အထူးအလေးထားသော အချက်များမှာ -

ဆေးဝါးအရည်အသွေးထိန်းချုပ်မှု၊

ဘေးထွက်ဆိုးကျိုးစောင့်ကြည့်ရေး၊

သိပ္ပံနည်းကျ သုတေသနနှင့် စမ်းသပ် အတည်ပြုမှု၊

ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊

တိုင်းရင်းအသိပညာ အကာအကွယ်ပေးရေး တို့ဖြစ်သည်။

တိုင်းရင်းဆေးပညာသည် ရိုးရာအတွေ့အကြုံ များအပေါ်သာ မမှီခိုတော့ဘဲ Clinical Trials နှင့် Biomedical Research များဖြင့် အတည်ပြုနိုင်ရေးကို ကမ္ဘာ့နိုင်ငံများက ပိုမိုအလေးထားလာကြသည်။ ထို့အပြင် ဆေးဖက်ဝင်အပင်များ၏ သဘာဝရင်းမြစ် များကို ရေရှည်ထိန်းသိမ်းနိုင်ရေးနှင့် ရိုးရာအသိပညာ ပိုင်ရှင်များ၏အခွင့်အရေးကို ကာကွယ်ပေးနိုင်ရေး သည်လည်း အရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်သည်။

မြန်မာ့တိုင်းရင်းဆေးပညာနှင့် ပေါင်းစပ်ကျန်းမာရေးစနစ်

မြန်မာ့တိုင်းရင်းဆေးပညာသည် ဓာတ်ကြီးလေးပါးညီမျှမှု၊ အာဟာရထိန်းညှိမှုနှင့် သဘာဝ ကုထုံးများကိုအခြေခံသော ကျန်းမာရေးစနစ်တစ်ရပ် ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းဆေးပညာကို ဖျားနာမှသာ အသုံးပြုရသောကုထုံးတစ်ခုအဖြစ် မမြင်ဘဲ နေ့စဉ်ဘဝ၏ ကျန်းမာရေးထိန်းသိမ်းမှု လူနေမှုပုံစံအဖြစ် ကျင့်သုံးသင့်ပါသည်။

မြန်မာ့ရိုးရာအိမ်ထောင်စုများတွင် မီးဖိုချောင် သည် အစားအစာချက်ပြုတ်ရာနေရာတစ်ခုသာမက ကျန်းမာရေးထိန်းသိမ်းမှု၏ အခြေခံအရင်းအမြစ် တစ်ခုလည်းဖြစ်ပါသည်။ ယနေ့ခေတ် သိပ္ပံသုတေသန များကလည်း မြန်မာ့မီးဖိုချောင်တွင် တွေ့ရလေ့ရှိသော ချင်း၊ နနွင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ သံပရာသီး၊ ပင်စိမ်း၊ ကရဝေးရွက်နှင့် ငရုတ်ကောင်းတို့တွင် ခန္ဓာကိုယ်ကျန်းမာရေးကို အထောက် အကူပြုသော သဘာဝဓာတ်ပစ္စည်းများပါဝင်ကြောင်း ဖော်ပြထားပါသည်။

ဥပမာအားဖြင့် ချင်းရည်ပူပူသောက်ခြင်းသည် အစာခြေစနစ်ကို ကောင်းမွန်စေရန်နှင့် ခရီးသွားရာ တွင် ဖြစ်တတ်သောပျို့အန်ခြင်းကို သက်သာစေရန် အထောက်အကူပြုနိုင်ကြောင်း လေ့လာမှုများက ဖော်ပြထားပါသည်။ နနွင်းတွင်ပါဝင်သော Curcumin ဓာတ်သည် ရောင်ရမ်းမှုကိုလျော့ပါးစေရန် အထောက် အကူပြုနိုင်ပြီး ကြက်သွန်ဖြူသည် နှလုံးသွေးကြော ကျန်းမာရေးကို အထောက်အပံ့ပေးနိုင်ကြောင်း သုတေသနများက ဖော်ပြထားပါသည်။

သံပရာသီးနှင့် အခြားအသီးအနှံများတွင် ပါဝင်သော ဗီတာမင်စီဓာတ်သည် ကိုယ်ခံအားစနစ်ကို အထောက်အကူပြုနိုင်ပါသည်။ သို့သော် ယင်းတို့သည် ဆရာဝန်ညွှန်ကြားသောကုသမှုကို အစားထိုး နိုင်သည့် ဆေးဝါးများမဟုတ်ဘဲ ကျန်းမာရေး ထိန်းသိမ်းမှုနှင့် အာဟာရဖြည့်စွက်မှုအတွက် အထောက်အကူပြုသော သဘာဝအစားအစာများဖြစ်ကြောင်း နားလည်ထားရန် လိုအပ်ပါသည်။

မြန်မာ့ရိုးရာ ကျန်းမာရေးဓလေ့များတွင်လည်း နံနက်စောစောလမ်းလျှောက်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှုပြုလုပ်ခြင်း၊ ရာသီအလိုက် ဟင်းသီးဟင်းရွက်များ စားသုံးခြင်း၊ ဆီ၊ ဆား၊ သကြား လျှော့စားခြင်း၊ သန့်ရှင်းသောသောက်သုံးရေကို သောက်သုံးခြင်း၊ လုံလောက်သော အိပ်စက်အနား ယူမှုရယူခြင်းနှင့် စိတ်ဖိစီးမှုလျှော့ချခြင်းတို့ကို အလေးထားကြပါသည်။ ယင်းအလေ့အထများသည် WHO က အကြံပြုထားသော Non-Communicable Diseases (NCDs) များဖြစ်သည့် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနှင့် အဝလွန်ရောဂါများ ကာကွယ်ရေး ဆိုင်ရာ ကျန်းမာရေးအမူအကျင့်များနှင့်လည်း ကိုက်ညီလျက်ရှိပါသည်။ အနှိပ်ကုထုံး၊ အကြောပြင် ကုထုံးနှင့် အပ်စိုက်ကုထုံးများသည် နာတာရှည် နာကျင်မှု၊ ခါးနာ၊ လည်ပင်းနာနှင့် အဆစ်ရောင်ရောဂါ များတွင် အထောက်အကူပြုနိုင်ကြောင်း နိုင်ငံတကာ သုတေသနများက ဖော်ပြထားသည်။

ထို့အပြင် အိမ်ဝန်းကျင်တွင် ဆေးဖက်ဝင်အပင် များစိုက်ပျိုးခြင်းသည် မြန်မာ့ရိုးရာဥယျာဉ် ယဉ်ကျေးမှုကို ထိန်းသိမ်းပေးရုံသာမက မိသားစု စားရေရိက္ခာဖူလုံရေးနှင့် ကျန်းမာရေးအသိပညာ ကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။ ချင်း၊ နနွင်း၊ ရှားစောင်းလက်ပပ်၊ ကွမ်းရွက်၊ ပင်စိမ်း၊ သံပရာနှင့် ဆေးဖက်ဝင်အပင်အချို့ကို စိုက်ပျိုးထားခြင်းသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန် အထောက်အကူပြုသကဲ့သို့ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများကို မျိုးဆက်သစ်များထံ လက်ဆင့် ကမ်းပေးနိုင်မည်ဖြစ်ပါသည်။

ပြည်သူတစ်ဦးချင်းစီ ကျန်းမာမှ မိသားစု ကျန်းမာမည်၊ မိသားစုကျန်းမာမှ လူ့အဖွဲ့အစည်း ကျန်းမာမည်၊ လူ့အဖွဲ့အစည်းကျန်းမာမှ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့ တိုင်းရင်းဆေးပညာ၏ အနှစ်သာရဖြစ်သော သဘာဝနှင့် လိုက်လျောညီထွေနေထိုင်ခြင်း၊ မျှတသော အာဟာရစားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းနှင့် စိတ်ကျန်းမာရေးကိုဂရုစိုက်ခြင်း တို့ကို နေ့စဉ် လူနေမှုဘဝ၏ အစိတ်အပိုင်းတစ်ရပ် အဖြစ် ကျင့်သုံးနိုင်ပါက “ကျန်းမာသော ပြည်သူ၊ တိုးတက်သောနိုင်ငံ”ဟူသည့် ရည်မှန်းချက်ကို ပိုမိုအောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနလက်အောက် ရှိ တိုင်းရင်းဆေးပညာဦးစီးဌာနက တိုင်းရင်းဆေး ပညာသုတေသန၊ ဆေးဝါးအရည်အသွေးမြှင့်တင် ရေးနှင့် ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

ကျန်းမာသောလူနေမှုပုံစံနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး

တိုင်းရင်းဆေးပညာ၏ အကောင်းဆုံးတန်ဖိုးမှာ ရောဂါဖြစ်ပြီးမှ ကုသခြင်းထက် ရောဂါမဖြစ်မီ ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။

မြန်မာ့ရိုးရာကျန်းမာရေးဓလေ့များဖြစ်သည့်

အာဟာရမျှတစွာ စားသုံးခြင်း၊

ရာသီအလိုက် အစားအစာများရွေးချယ်ခြင်း၊

ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်း၊

လုံလောက်စွာ အိပ်စက်အနားယူခြင်း၊

စိတ်ဖိစီးမှုလျှော့ချခြင်း၊

သန့်ရှင်းသော သောက်သုံးရေသုံးစွဲခြင်းတို့သည် ယနေ့ WHO က အားပေးနေသော ကျန်းမာရေးအမူအကျင့်များနှင့် ကိုက်ညီလျက် ရှိသည်။ ကျန်းမာသောလူ့စွမ်းအားအရင်းအမြစ် သည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအုတ်မြစ် ဖြစ်သောကြောင့် တိုင်းရင်းဆေးပညာ၏ အနှစ်သာရ ဖြစ်သည့် ကျန်းမာသောလူနေမှုပုံစံကို ပြည်သူများ ကျင့်သုံးသင့်ပါသည်။

မြန်မာ့တိုင်းရင်းဆေးပညာသည် ရိုးရာယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်သာမက ပြည်သူ့ ကျန်းမာရေး၊ သဘာဝအရင်းအမြစ်ထိန်းသိမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် အမျိုးသားအမှတ် လက္ခဏာကို ထိန်းသိမ်းပေးနိုင်သော အဖိုးတန် အရင်းအမြစ်တစ်ရပ်ဖြစ်ပါသည်။

ယနေ့ခေတ်တွင် တိုင်းရင်းဆေးပညာကို သိပ္ပံနည်းကျ အထောက်အထားများနှင့် ပေါင်းစပ် အသုံးချနိုင်ပါက ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို ပိုမိုအားကောင်းလာစေမည်ဖြစ်သလို ပြည်သူ များ၏ လူနေမှုအရည်အသွေးကိုလည်း မြှင့်တင်ပေး နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့တိုင်းရင်းဆေး ပညာအမွေအနှစ်များကို တန်ဖိုးထားထိန်းသိမ်းကြပါစို့။ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုပုံစံများကို နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးကြပါစို့။ သို့မှသာ “ကျန်းမာသော ပြည်သူ၊ ကြံ့ခိုင်သော လူ့စွမ်းအားအရင်းအမြစ်၊ ဖွံ့ဖြိုးတိုးတက်သော မြန်မာနိုင်ငံ”ဟူသော ရည်မှန်းချက်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ပါသည်။

“မြန်မာ့တိုင်းရင်းဆေးပညာကို တန်ဖိုးထား၊ ကျန်းမာသောလူနေမှုဘဝကို တည်ဆောက်၊ သက်ရှည်ချမ်းသာသော အနာဂတ်ကို ဖန်တီးကြပါစို့။” ။

မူရင်းသတင်း — Myanmar Digital News