Myanmar Digital News

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်   နိုဝင်ဘာ   ၂

အလေးမအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်မြင့်မားလာစေရေးနှင့် မျိုးဆက်သစ် အလေးမအားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနက ကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်တို့ ပူးပေါင်း၍ “၂၀၂၆ ခုနှစ်  တိုင်းဒေသကြီးနှင့် ပြည်နယ်အလေးမပြိုင်ပွဲ”  ဖွင့်ပွဲအခမ်းအနားကို  ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ  ဖူဆယ်အားကစားရုံ၌ ကျင်းပသည်။

အခမ်းအနားသို့   အားကစားရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊   အမျိုးသမီးရေးရာဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ဒုတိယဝန်ကြီးများ  ဖြစ်ကြသည့် ဦးစိုင်းထွန်းညို၊    ဦးဖြိုးဇော်စိုး၊ ဦးမျိုးကျော်သူ၊    မြန်မာနိုင်ငံ အလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအဂ္ဂါ အေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲ ကျင်းပရေးအဖွဲ့မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြိုင်ပွဲဝင်အသင်း များမှ  အုပ်ချုပ်သူ၊  နည်းပြများနှင့်   အားကစားသမားများ တက်ရောက်ကြသည်။

ဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းက  တိုင်းဒေသကြီးနှင့် ပြည်နယ် အလေးမပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန်  ရောက်ရှိလာကြသည့်   တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ အလေးမအားကစားသမား လူငယ်မောင်မယ်များအနေဖြင့် အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အားကစားသမားကောင်းများ ပီသစွာ မိမိတို့တစ်ဦးချင်းစီ၏ အစွမ်းအစ၊ အရည်အသွေးများကို အစွမ်းကုန်ဖော်ထုတ်ပြသပြီး  မိမိတို့ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂုဏ်ကိုမြှင့်တင်ပေးပြီး ပြိုင်ပွဲတွင် စံချိန်ကောင်းများ ရရှိစေရေးအတွက်  စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ကြိုးစားယှဉ်ပြိုင်သွားကြရန်နှင့် စံချိန်သစ်များ တင်နိုင်မည့် လူငယ်များအဖြစ်   နိုင်ငံ့ဂုဏ်ဆောင်နိုင်မည့် လက်ရွေးစင်အားကစားသမားကောင်းများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားကာ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အလေးမပြိုင်ပွဲ” ကို ဖွင့်လှစ်ပေးသည်။

ထို့နောက် ပြိုင်ပွဲဝင်အားကစားသမားများက  အားကစားသစ္စာ အဓိဋ္ဌာန်(၄)ချက် ရွတ်ဆိုကြပြီး အမျိုးသား၊ အမျိုးသမီး ကီလိုတန်းအလိုက် အလေးမပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ အမျိုးသမီး (၆၉)ကီလိုတန်းပြိုင်ပွဲတွင် မကွေး တိုင်းဒေသကြီးအသင်းမှ ရွှေရည်ဖူးက  အမြန်မ စံချိန်  ၆၁ ကီလို၊ နှစ်ဆင့်မစံချိန်  ၇၇ ကီလိုနှင့် စုစုပေါင်းစံချိန်  ၁၃၈ ကီလိုဖြင့် ပထမ၊  ရန်ကုန်တိုင်းဒေသကြီးအသင်းမှ  ဝင်းပပက အမြန်မစံချိန် ၆၀ ကီလို၊ နှစ်ဆင့်မစံချိန် ၇၃ ကီလို နှင့် စုစုပေါင်းစံချိန် ၁၃၃ ကီလိုဖြင့် ဒုတိယနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သီရိဝင်းက အမြန်မ စံချိန် ၅၅ ကီလို၊    နှစ်ဆင့်မစံချိန် ၇၃ ကီလိုနှင့်  စုစုပေါင်းစံချိန် ၁၂၈ ကီလိုဖြင့် တတိယရရှိခဲ့ကြသည်။

အမျိုးသား(၇၀)  ကီလိုတန်းပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝေလွင်ဖြိုးက အမြန်မ စံချိန် ၁၁၃ ကီလို၊  နှစ်ဆင့်မစံချိန် ၁၃၆ ကီလိုနှင့် စုစုပေါင်းစံချိန် ၂၄၉ ကီလိုဖြင့် ပထမ၊   စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ ကျော်ဇောဟိန်းက  အမြန်မစံချိန် ၉၅ ကီလို၊ နှစ်ဆင့်မစံချိန် ၁၁၆ ကီလိုနှင့် စုစုပေါင်း  စံချိန် ၂၁၁ ကီလိုဖြင့် ဒုတိယနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းမှ ခေါက်ဆိုင်က အမြန်မ စံချိန် ၈၆ ကီလို၊   နှစ်ဆင့်မစံချိန် ၁၂၁ ကီလိုနှင့် စုစုပေါင်းစံချိန် ၂၀၇ ကီလိုဖြင့် တတိယရရှိခဲ့ကြသည်။

“၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်  အလေးမပြိုင်ပွဲသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင် အမျိုးသား အသင်း ၁၂ သင်း၊ အမျိုးသမီးအသင်း ရှစ်သင်း စုစုပေါင်းအင်အား ၁၃၀ ဝင်ရောက် ယှဉ်ပြိုင်လျက်ရှိပြီး နိုဝင်ဘာ ၃ ရက် နံနက် ၁၀ နာရီမှစတင်၍ တိုင်းဒေသကြီးနှင့်   ပြည်နယ် အလေးမပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး)  ကီလိုတန်းအလိုက် အမြန်မပြိုင်ပွဲနှင့် နှစ်ဆင့်မပြိုင်ပွဲများကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍ အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့” လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။

သတင်းစဉ်

မူရင်းသတင်း — Myanmar Digital News