Myanmar Digital News

မြန်မာအသင်းပါ၀င်သည့် အာရှဖလား ယူ-၁၇ ခြေစစ်ပွဲ အုပ်စု (A) ပွဲစဉ်များ နိုဝင်ဘာ ၈ ရက်မှ ၂၀ ရက်အထိ ရန်ကုန်မြို့ရှိ ကွင်းနှစ်ကွင်း၌ ကျင်းပမည်

ရန်ကုန်     နိုဝင်ဘာ     ၂

၂၀၂၇ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို နိုဝင်ဘာ ၈ ရက်မှ ၂၀ ရက် အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း ပါဝင်သည့် အုပ်စု (A) ပွဲစဉ်များကို ရန်ကုန်မြို့ရှိ ကွင်းနှစ်ကွင်း၌ ကျင်းပမည်ဖြစ်သည်။

ခြေစစ်ပွဲတွင် အသင်းစုစုပေါင်း ၃၅ သင်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုခုနစ်ခု ပြုလုပ်မည်ဖြစ်ကာ အုပ်စုတစ်ခုစီမှ အမှတ်အများ ဆုံး ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စု(A) တွင် အင်ဒိုနီးရှား၊ အာဖဂန်နစ္စတန်၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားအသင်း တို့နှင့် ကျရောက်နေပြီး ယင်းပွဲစဉ်များကို ရန်ကုန်မြို့ရှိ ပဒေသာကွင်းနှင့် စတားစီးတီးကွင်းတို့၌ ပြုလုပ်မည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ ခြေစစ်ပွဲကို နိုဝင်ဘာ ၈၊ ၁၁၊ ၁၄၊ ၁၇၊ ၂၀ ရက်တွင် တစ်နေ့လျှင် နှစ်ပွဲနှုန်းကျင်းပမည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီတွင် စတင်မည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် နိုဝင်ဘာ ၈ ရက်တွင် အာဖဂန်နစ္စတန်အသင်းနှင့် ပဒေသာကွင်း၊ နိုဝင်ဘာ ၁၄ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ပဒေသာကွင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် ကမ္ဘောဒီးယားအသင်းနှင့် စတားစီးတီးကွင်း၊ နိုဝင်ဘာ ၂၀ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့် ပဒေသာကွင်းတို့၌ ကျင်းပမည် ဖြစ်သည်။

မြန်မာအသင်းကို နည်းပြချုပ်အဖြစ် ဂျပန်နိုင်ငံသား ကိုင်ဆူကီက ကိုင်တွယ်နေပြီး ကာလရှည်ပြင်ဆင်ထားသည့်အသင်းဖြစ်သည်။ ကစားသမားများ အတွေ့အကြုံရစေရန် Galaxy အသင်းအမည်ဖြင့် ပြည်တွင်းလိဂ်ဖြစ်သော M-League ယူ-၂၀ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ ထို့ပြင် အောက်တိုဘာ ၄ ရက်နှင့်  ၇ ရက်တို့က အိန္ဒိယအသင်းနှင့် ရန်ကုန်မြို့၌ ခြေစမ်းပွဲနှစ်ပွဲကစားရာ တစ်ပွဲသရေ၊ တစ်ပွဲရှုံးနိမ့်ခဲ့သည်။

အာရှဖလား ယူ-၁၇ ပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် အိမ်ရှင်ဥဇဘက် ကစ္စတန်အသင်းအပါအဝင် ကာတာ၊ ဂျပန်၊ တရုတ်၊ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဆော်ဒီအာရေဗျ၊ တာဂျစ်ကစ္စတန်နှင့် ဗီယက်နမ်အသင်းတို့က တိုက်ရိုက်ကစားခွင့်ရထားပြီး ခြေစစ်ပွဲအောင် ခုနစ်သင်းနှင့် ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၁၇ အသင်းသည် ၂၀၂၆ အာရှဖလား ယူ-၁၇ ပြိုင်ပွဲတွင် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး နှစ်ကြိမ်ဆက်တိုက် ခြေစစ်ပွဲအောင်မြင်ရန် ကြိုးပမ်းလျက်ရှိသည်။

သတင်း-ညီမြတ်သော်တာ၊ ဓာတ်ပုံ-MFF

မူရင်းသတင်း — Myanmar Digital News