Myanmar Digital News

ဘွဲ့ရရှိခြင်းထက် ဘွဲ့နှင့်ထိုက်တန်စွာ နေထိုင်ခြင်း

ဇော်သုတ(အခြေခံပညာ)

ကိုယ်ကျင့်တရား၊ တာဝန်ယူမှုနှင့် တစ်သက်တာပညာရှာမှီးမှုတို့ဖြင့် ဘွဲ့ဂုဏ်သိက္ခာကို ဖော်ဆောင်ခြင်း

တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားသည် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှု ခရီးစဉ်တစ်ခုပြီးဆုံးခြင်းကိုသာ ကိုယ်စားပြုခြင်း မဟုတ်ဘဲ လူမှုအသိုက်အဝန်းအတွင်း ပိုမိုကျယ်ပြန့် သော တာဝန်များကို ထမ်းဆောင်ရန် စတင်ခြင်း ဖြစ်သည်။ ဘွဲ့တစ်ခုရရှိခြင်းသည် သက်ဆိုင်ရာ ပညာရပ်တွင် လေ့လာသင်ယူခဲ့မှုကို အသိအမှတ် ပြုခြင်းဖြစ်သကဲ့သို့ ထိုပညာနှင့် ထိုက်တန်သော အပြုအမူ၊ အပြောအဆိုနှင့် ကိုယ်ကျင့်တရားတို့ကို ထိန်းသိမ်းစောင့်ရှောက်ရန်လည်း တာဝန်ရှိလာ စေသည်။

ထို့ကြောင့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ပါမောက္ခချုပ်က ဘွဲ့ရမောင်မယ်များအား အလေး အနက်ထား၍ ကတိပြုမေးမြန်းလေ့ရှိသည့် မေးခွန်းများမှာ အဓိပ္ပာယ်ပြည့်ဝလှသည်။ ယင်းတို့မှာ “ပညာ​ရေးအဖွဲ့က ထောက်ခံချက်ပေးပြီးဖြစ်သော ဘွဲ့များကို မောင်မယ်တို့အား အပ်နှင်းလိုက်သော အခါ နေ့စဉ်နေ့တိုင်း နေထိုင်ပြောဆိုမှု၌ တက္ကသိုလ် ဘွဲ့ရများနှင့် သင့်လျော်ထိုက်တန်စွာ နေထိုင် ပြောဆိုပါမည်ဟု ရိုးသားဖြောင့်မတ်စွာ ကတိပြု ကြမည်လော။” နှင့် “ကိုယ်ကျင့်တရား ကောင်းမွန် မှုနှင့် မွန်မြတ်သော ပညာရှာမှီးမှုကို အခွင့်အရေး အစွမ်းသတ္တိရှိသမျှ ထိန်းသိမ်းစောင့်ရှောက်ပါ မည်ဟု ကတိပြုကြမည်လော။” ဟူ၍ ဖြစ်သည်။ ထိုမေးခွန်းများကို ဘွဲ့ရမောင်မယ်အားလုံးက “ကတိပြုပါသည်”ဟု တညီတညွတ်တည်း ဖြေကြားကြသည်။

ယင်းကတိစကားသည် အခမ်းအနားတစ်ခု အတွင်း ဖြေကြားရသည့် စကားမျှသာမဟုတ်ဘဲ ဘွဲ့ရရှိပြီးနောက် လူမှုဘဝတစ်လျှောက် လက်တွေ့ လိုက်နာကျင့်သုံးရမည့် ကိုယ်ပိုင်တာဝန်နှင့် လူမှု တာဝန်ကို သတိပေးနေခြင်းဖြစ်သည်။ ဘွဲ့ဂုဏ်သိက္ခာ၏တန်ဖိုးကို ဘွဲ့လက်မှတ်တစ်စောင်ဖြင့်သာ တိုင်းတာ၍မရဘဲ နေ့စဉ်ဘဝတွင် မည်သို့နေထိုင် ပြောဆိုပြီး မည်သို့ပြုမူဆောင်ရွက်သည်ဆိုသည့် အချက်များဖြင့်လည်း ဖော်ပြနိုင်သည်။

ဘွဲ့နှင်းသဘင်၏ အဓိပ္ပာယ်သည် ဘွဲ့လက်မှတ် ရရှိခြင်းနှင့် အခမ်းအနား ပြီးဆုံးခြင်းတို့တွင်သာ ရပ်တန့်မနေသင့်ပေ။ ဘွဲ့ရရှိပြီးနောက် မိမိ၏ နေ့စဉ်ဘဝ၊ လူမှုဆက်ဆံရေးနှင့် လုပ်ငန်းဆောင်တာ များတွင် ထိုဘွဲ့၏ ဂုဏ်သိက္ခာကို မည်သို့ထိန်းသိမ်းသွားမည်ဆိုသည့်အချက်က ပိုမိုအရေးကြီးလာ သည်။

နေ့စဉ်အပြုအမူနှင့် အပြောအဆိုက ဘွဲ့ဂုဏ်သိက္ခာကို ဖော်ပြခြင်း

ဘွဲ့ရပညာတတ်တစ်ဦး၏ ဂုဏ်သိက္ခာသည် လူအများရှေ့တွင်သာ ထင်ရှားစေရမည့်အရာ မဟုတ်ဘဲ နေ့စဉ်တွေ့ကြုံရသော အခြေအနေတိုင်းတွင် ထိန်းသိမ်းရမည့်အရာဖြစ်သည်။ မိသားစုဝင်များ၊ မိတ်ဆွေများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် လူမှုအသိုက်အဝန်းအတွင်းရှိ အခြားသူများအပေါ် ယဉ်ကျေးလေးစားစွာ ဆက်ဆံခြင်း၊ အမှန်တရားကို အခြေခံ၍ပြောဆိုခြင်း၊ အခြားသူ၏ အမြင်နှင့် အခွင့်အရေးကို လေးစားခြင်းတို့သည် ဘွဲ့ရပညာ တတ်တစ်ဦး၏ အခြေခံအမူအကျင့်များဖြစ်သည်။

ထို့ပြင် ပညာအရည်အချင်းရှိခြင်းကို အကြောင်း ပြု၍ မာနထားခြင်း၊ အခြားသူများကို အထင်သေး ခြင်း၊ ရာထူးအာဏာ သို့မဟုတ် ပညာအရည်အချင်းကို အသုံးချ၍ ဖိအားပေးခြင်းတို့ကို ရှောင်ကြဉ် ရမည်။ အများပိုင်ပစ္စည်းများကို ထိန်းသိမ်းခြင်း၊ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာ ခြင်း၊ ယာဉ်စည်းကမ်းနှင့် လမ်းစည်းကမ်းများကို လိုက်နာခြင်း၊ အချိန်ကို တန်ဖိုးထားခြင်းနှင့် မိမိ ပတ်ဝန်းကျင်အပေါ် တာဝန်သိစွာပြုမူခြင်းတို့သည်လည်း နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးရမည့် အပြုအမူများဖြစ်သည်။

အွန်လိုင်းလူမှုကွန်ရက်များတွင်လည်း သတင်းအချက်အလက်များကို စိစစ်ပြီးမှမျှဝေခြင်း၊ အခြား သူများ၏ ဂုဏ်သိက္ခာနှင့် ကိုယ်ရေးကိုယ်တာကို လေးစားခြင်းတို့ကို မမေ့သင့်ပေ။ ဤသို့သော အပြုအမူများသည် ဘွဲ့ရရှိသူတစ်ဦး၏ ဂုဏ်သိက္ခာကိုသာမက မိမိဘွဲ့ရရှိခဲ့သည့် တက္ကသိုလ်၏ ဂုဏ်သတင်းကိုပါ ထိန်းသိမ်းပေးနိုင်သည်။

ကိုယ်ကျင့်တရားနှင့် ရိုးသားဖြောင့်မတ်မှုကို အခြေခံခြင်း

ပညာအရည်အချင်းနှင့် ကိုယ်ကျင့်တရားသည် တစ်ခုနှင့်တစ်ခု ခွဲခြား၍မရသော အရည်အသွေး များဖြစ်သည်။ ပညာတတ်သူတစ်ဦးသည် မိမိသိရှိထားသောပညာကို မှန်ကန်သည့် ရည်ရွယ်ချက်ဖြင့် အသုံးချနိုင်ရန် လိုအပ်သကဲ့သို့ မိမိ၏လုပ်ရပ်အပေါ် တာဝန်ယူနိုင်ရန်လည်း လိုအပ်သည်။ ရိုးသားမှု၊ ဖြောင့်မတ်မှု၊ ကတိတည်မှု၊ ကိုယ်ချင်းစာတရားနှင့် အမှားကိုဝန်ခံပြုပြင်နိုင်မှုတို့သည် လူတစ်ဦး၏တန်ဖိုးကို မြှင့်တင်ပေးသည့် အခြေခံအရည်အသွေးများဖြစ်သည်။

ပညာရှာမှီးရာတွင်လည်း အခြားသူ၏ အတွေးအမြင်နှင့် လက်ရာများကို မိမိပိုင်သကဲ့သို့ မဖော် ပြခြင်း၊ ကိုးကားရမည့် အရင်းအမြစ်များကို မှန်ကန်စွာ ဖော်ပြခြင်း၊ သုတေသနရလဒ်များကို အမှန်အတိုင်း တင်ပြခြင်းတို့သည် ပညာရေးဆိုင်ရာ ရိုးသားမှု၏ အရေးကြီးသော အစိတ်အပိုင်းများ ဖြစ်သည်။ အကျိုးအမြတ်ရရှိရေးအတွက် မမှန်မကန်ပြောဆိုခြင်း၊ မသမာသောနည်းလမ်းများ အသုံးပြုခြင်းနှင့် အခြားသူ၏ အခွင့်အရေးကို ထိခိုက်စေခြင်းတို့သည် ဘွဲ့ဂုဏ်သိက္ခာနှင့် ဆန့်ကျင်နေသည်။

ထို့ကြောင့် ပညာအရည်အချင်းကို ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် တွဲဖက်ဖော်ဆောင်ခြင်း သည် ဘွဲ့ရပညာတတ်တစ်ဦးအတွက် မရှိမဖြစ် လိုအပ်သည်။ ဘွဲ့တစ်ခုကိုရရှိရန် နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသကဲ့သို့ ဘွဲ့၏ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်လည်း နေ့စဉ်ဘဝတွင် ကိုယ်ကျင့်တရား ကောင်းမွန်မှုကို အမြဲစောင့်ထိန်းရမည်ဖြစ်သည်။

ဥပဒေ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို လေးစားလိုက်နာခြင်း

ပညာတတ်တစ်ဦးသည် မိမိ၏ အခွင့်အရေးများကို သိရှိနားလည်ရုံသာမက မိမိထမ်းဆောင်ရမည့် တာဝန်များကိုလည်း သိရှိလိုက်နာရမည်။ နိုင်ငံတော်၏ တည်ဆဲဥပဒေများ၊ အများပြည်သူ ဆိုင်ရာ စည်းမျဉ်းများ၊ လုပ်ငန်းခွင်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် မိမိဝင်ရောက်လုပ်ကိုင်နေသော အသက်မွေးဝမ်းကျောင်းနယ်ပယ်၏ ကျင့်ဝတ်စံနှုန်းများကို လေးစားလိုက်နာခြင်းသည် ဘွဲ့ရရှိ သူတိုင်းအတွက် အရေးကြီးသော တာဝန်ဖြစ်သည်။ အထူးသဖြင့် နိုင်ငံ့ဝန်ထမ်းများ၊ ဥပဒေပညာရှင် များ၊ ဆေးဘက်ဆိုင်ရာပညာရှင်များ၊ စာရင်းစစ်များနှင့် အခြားအသက်မွေးဝမ်းကျောင်းဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်သူများသည် မိမိတို့နယ်ပယ်အလိုက် သတ်မှတ်ထားသော ဥပဒေ၊ စည်းမျဉ်းနှင့် ကျင့်ဝတ်များကို တိကျစွာလိုက်နာရမည်။ ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုခြင်း၊ လာဘ်ပေး လာဘ်ယူပြုလုပ်ခြင်း၊ မမှန်မကန်ပြောဆိုခြင်းနှင့် အခြားသူများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်း တို့သည် ဘွဲ့ရပညာတတ်တစ်ဦး၏ ဂုဏ်သိက္ခာနှင့် ဆန့်ကျင်သည်။

ဥပဒေကို လိုက်နာခြင်းသည် ပြစ်မှုကျူးလွန်ခြင်းမှ ရှောင်ကြဉ်ရုံသာမက အခြားသူများ၏ အခွင့် အရေးနှင့်လုံခြုံမှုကို လေးစားခြင်း၊ အများပြည်သူအကျိုးကို ထိခိုက်စေမည့် အပြုအမူများကို ရှောင်ကြဉ်ခြင်းတို့နှင့်လည်း သက်ဆိုင်သည်။

မြန်မာနိုင်ငံ၏ အမျိုးသားပညာရေးဥပဒေတွင် နိုင်ငံသားကောင်းများ ပေါ်ထွန်းလာစေရေး၊ ကိုယ်ကျင့်တရားနှင့် လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုရှိစေရေး၊ ဥပဒေနှင့် နိုင်ငံသားတာဝန်များကို လေးစားလိုက်နာစေရေးတို့ကို ပညာရေးရည်မှန်းချက်များအဖြစ် ထည့်သွင်းဖော်ပြထားသည်။ ယင်းရည်မှန်းချက်များသည် ပညာရေး၏ အကျိုးရလဒ်ကို ပညာအရည်အချင်းတစ်ခုတည်းဖြင့် မသတ်မှတ်ဘဲ တာဝန်သိသော နိုင်ငံသားကောင်း တစ်ဦးဖြစ်လာရေးနှင့်ပါ ချိတ်ဆက်ထားကြောင်း ဖော်ပြနေသည်။

သို့ရာတွင် ဘွဲ့ရရှိသူတိုင်းအတွက် တူညီသော အထူးစည်းကမ်းတစ်ရပ်တည်းရှိသည်ဟု မဆိုနိုင် ပေ။ လုပ်ကိုင်သည့် အလုပ်အကိုင်၊ အသက်မွေးဝမ်းကျောင်းပညာရပ်နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း အလိုက် လိုက်နာရမည့် စည်းမျဉ်းများ ကွဲပြားနိုင်သည်။ မည်သည့်နယ်ပယ်တွင် တာဝန်ထမ်းဆောင် သည်ဖြစ်စေ မိမိ၏ အခွင့်အာဏာကို အလွဲသုံးစား မပြုခြင်း၊ လာဘ်ပေးလာဘ်ယူမှုကို ရှောင်ကြဉ်ခြင်း နှင့် အများပြည်သူ၏ ယုံကြည်မှုကို တန်ဖိုးထားခြင်းတို့သည် ဘွဲ့ရပညာတတ်တစ်ဦး၏ တာဝန်ယူမှုကို ပြသသည့် အချက်များဖြစ်သည်။

ပညာကို တစ်သက်တာ ဆက်လက်ရှာမှီးခြင်း

ဘွဲ့ရရှိခြင်းသည် ပညာသင်ယူမှု၏ နောက်ဆုံး အဆင့်မဟုတ်ဘဲ ဆက်လက်လေ့လာသင်ယူရန် အခြေခံတစ်ခုဖြစ်သည်။ လူမှုဘဝနှင့် လုပ်ငန်းခွင်များသည် အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေ သဖြင့် ယခင်ကရရှိထားသော အသိပညာများကိုသာ အားကိုးနေ၍ မလုံလောက်တော့ပေ။ စာပေဖတ်ရှုခြင်း၊ သုတေသနပြုလုပ်ခြင်း၊ သင်တန်းများတက်ရောက်ခြင်း၊ အတွေ့အကြုံရှိသူများထံမှ သင်ယူခြင်းနှင့် နည်းပညာအသစ်များကို လေ့လာခြင်းတို့ဖြင့် မိမိ၏အသိပညာနှင့် စွမ်းရည်ကို အမြဲတိုးတက်အောင် ဆောင်ရွက်သင့်သည်။

ထိုသို့ တစ်သက်တာပညာရှာမှီးခြင်းသည် မိမိ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ကိုယ်ပိုင် တိုးတက်မှုအတွက်သာမဟုတ်ဘဲ လူမှုအသိုက်အဝန်းအတွက်လည်း အကျိုးရှိစေသည်။ မိမိသိရှိ ထားသောပညာကို အခြားသူများနှင့် မျှဝေခြင်း၊ လူမှုရေးပြဿနာများကို ပညာအခြေခံ၍ ဖြေရှင်း ရန် ကြိုးပမ်းခြင်းနှင့် လူ့အဖွဲ့အစည်း၏ လိုအပ်ချက်များကို နားလည်တုံ့ပြန်ခြင်းတို့သည် မွန်မြတ်သော ပညာရှာမှီးမှု၏ အဓိပ္ပာယ်ကို ပိုမိုပြည့်စုံ စေသည်။ ပညာသည် မိမိတစ်ဦးတည်းအတွက်သာ အသုံးချရမည့်အရာမဟုတ်ဘဲ အများအကျိုးအတွက်ပါ အသုံးဝင်စေရမည့် အဖိုးတန်အရင်းအမြစ် ဖြစ်သည်။

စံနမူနာကောင်းများမှ အတုယူလေ့လာခြင်း

ကမ္ဘာ့သမိုင်းတွင် ပညာအရည်အချင်းနှင့် ကိုယ်ကျင့်တရား၊ လူမှုတာဝန်ယူမှုတို့ကို ပေါင်းစပ် ဖော်ဆောင်ခဲ့ကြသူများစွာရှိသည်။ ဘွဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းနှင့် ပညာကို အများ အကျိုးအတွက် အသုံးချခြင်းတို့ကို မြန်မာနိုင်ငံ၏ သမိုင်းဝင်ပုဂ္ဂိုလ်များနှင့် နိုင်ငံတကာစံနမူနာများ မှလည်း လေ့လာနိုင်သည်။ မြန်မာနိုင်ငံသား ဦးသန့်သည် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းများတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ သူ၏ ဘဝဖြတ်သန်းမှုသည် အသိပညာ၊ အမြော်အမြင်နှင့် တာဝန်ယူမှုတို့ကို ပေါင်းစပ်၍ အများအကျိုး အတွက် အသုံးချနိုင်ကြောင်း ပြသသည့် ဥပမာ တစ်ခုဖြစ်သည်။

အလားတူ အိန္ဒိယနိုင်ငံ၏ သမ္မတ ဒေါက်တာ အေ၊ ပီ၊ ဂျေ၊ အဗ္ဗဒူလ်ကလမ်သည် သိပ္ပံနှင့် အင်ဂျင် နီယာပညာရပ်များကိုအခြေခံ၍ အာကာသနည်းပညာနှင့် နိုင်ငံဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ထူးခြားသော အောင်မြင်မှုများ ရရှိခဲ့သူဖြစ်သည်။ ထူးချွန်သော ပညာရှင်တစ်ဦးဖြစ်သော်လည်း နှိမ့်ချ မှုရှိခြင်း၊ လူငယ်များအား အသိပညာမျှဝေပေးခြင်းနှင့် နိုင်ငံအကျိုးအတွက် အစဉ်ကြိုးပမ်းခြင်း တို့ကြောင့် လူအများ၏ လေးစားမှုကို ရရှိခဲ့သည်။ ၎င်းတို့၏ဘဝများမှ ရရှိနိုင်သော သင်ခန်းစာမှာ ဘွဲ့အမည်နှင့် ရာထူးအဆင့်အတန်းထက် မိမိ၏ ပညာကို မည်မျှရိုးသားစွာ အသုံးချသည်၊ မိမိတာဝန် ကို မည်မျှကျေပွန်စွာထမ်းဆောင်သည်နှင့် အများအကျိုးအတွက် မည်မျှအထောက်အကူပြုသည် ဆိုသည့်အချက်များက ပိုမိုအရေးကြီးကြောင်းဖြစ်သည်။

၎င်းတို့၏ ဘဝဖြတ်သန်းမှုများမှ ပညာအရည်အချင်းသည် ကိုယ်ပိုင်အောင်မြင်မှုအတွက်သာမက လူ့အဖွဲ့အစည်းနှင့် နိုင်ငံတကာအသိုက်အဝန်းအတွက်ပါ အကျိုးပြုနိုင်ကြောင်း လေ့လာနိုင်သည်။ စံနမူနာကောင်းများကို အတုယူခြင်းဆိုသည်မှာ ၎င်းတို့၏ ရာထူးနှင့် အောင်မြင်မှုများကိုသာ ကြည့်ရှုခြင်းမဟုတ်ဘဲ တာဝန်ယူမှု၊ ရိုးသားဖြောင့်မတ်မှု၊ အများအကျိုးကို ဦးစားပေးမှုနှင့် ပညာကိုဆက်လက်ရှာမှီးသည့် စိတ်ဓာတ်တို့ကို မိမိဘဝတွင် လက်တွေ့ကျင့်သုံးခြင်းဖြစ်သည်။

တက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဘွဲ့ရမောင်မယ်များ ဖြေကြားခဲ့သော “ကတိပြုပါ သည်” ဟူသည့်စကားသည် အခမ်းအနားပြီးဆုံးသည်နှင့် အဆုံးသတ်သွားသည့် စကားမဟုတ်ပေ။ နေ့စဉ် နေထိုင်ပြောဆိုမှုတိုင်းတွင် ရိုးသားဖြောင့်မတ်ရန်၊ ကိုယ်ကျင့်တရားကောင်းမွန်ရန်၊ ဥပဒေနှင့် စည်းကမ်းများကို လေးစားလိုက်နာရန်၊ ပညာကို ဆက်လက်ရှာမှီးရန်နှင့် မိမိတတ်မြောက်ထားသော ပညာဖြင့် အများအကျိုးကို ဆောင်ရွက်ရန် သတိပေးနေသည့် တစ်သက်တာကတိတစ်ရပ်ဖြစ်သည်။

ဘွဲ့တစ်ခု၏တန်ဖိုးသည် ဘွဲ့လက်မှတ်ပေါ်တွင် ရေးသားထားသော အမည်နှင့် ပညာရပ်အဆင့် အတန်း၌သာ တည်ရှိသည်မဟုတ်ဘဲ ထိုဘွဲ့ကို ရရှိထားသူ၏ အပြုအမူ၊ အပြောအဆို၊ ကိုယ်ကျင့် တရားနှင့် လူမှုတာဝန်ယူမှုတို့တွင် ပိုမိုထင်ရှားစွာ ပေါ်လွင်နေသည်။ ဘွဲ့ရရှိသူတစ်ဦး၏ စကားသည် ရိုးသားမှုကို ဖော်ပြရမည်၊ လုပ်ရပ်သည် တာဝန်ယူမှုကို ပြသရမည်၊ စိတ်ထားသည် ကိုယ်ကျင့် တရားကောင်းမွန်မှုကို ထင်ဟပ်ရမည်ဖြစ်သည်။ ထို့ကြောင့် ဘွဲ့ရရှိသူတိုင်းသည် မိမိ၏ဘွဲ့ဂုဏ် သိက္ခာကို နေ့စဉ်ဘဝတွင် လက်တွေ့ထိန်းသိမ်းပြီး ပညာနှင့် ကိုယ်ကျင့်တရားကို ပေါင်းစပ်ကာ လူ့အဖွဲ့ အစည်းအတွက် အကျိုးပြုသူများ ဖြစ်လာစေရန် ကြိုးပမ်းသင့်သည်။ ဘွဲ့ကိုရရှိခြင်းသည် အောင်မြင် မှုဖြစ်သော်လည်း ဘွဲ့နှင့်ထိုက်တန်သော လူတစ်ဦး အဖြစ် နေထိုင်ခြင်းသည် ပိုမိုမြင့်မြတ်သော အောင်မြင်မှုဖြစ်သည်။ ထိုသို့ ဘွဲ့ရမောင်မယ်တိုင်း က မိမိတို့၏ကတိသစ္စာကို လက်တွေ့ဘဝတွင် တည်ကြည်စွာ အကောင်အထည်ဖော်နိုင်ကြပါက တက္ကသိုလ်၏ ဂုဏ်သိက္ခာ၊ ပညာရေး၏ တန်ဖိုးနှင့် လူ့အဖွဲ့အစည်း၏ ယုံကြည်လေးစားမှုတို့သည်လည်း အစဉ်တည်တံ့နေမည် ဖြစ်ပါသည်။ ။

မူရင်းသတင်း — Myanmar Digital News