Myanmar Digital News

မြန်မာနိုင်ငံနှင့် အိုမန်နိုင်ငံ လေကြောင်းပို့ဆောင်ရေးဝန်ဆောင်မှုဆိုင်ရာသဘောတူစာချုပ် လက်မှတ်ရေးထိုး

နိုဝင်ဘာ ၄

            မြန်မာနိုင်ငံနှင့်အိုမန်နိုင်ငံတို့သည် နှစ်နိုင်ငံအကြား လေကြောင်းပို့ဆောင်ရေးကဏ္ဍ စနစ်တကျ ရှိစေရန်နှင့် ပြည်တွင်းလေကြောင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင်ရန်ရည်ရွယ်၍ နှစ်နိုင်ငံ လေကြောင်း ဝန်ဆောင်မှု သဘောတူစာချုပ်ကို နိုဝင်ဘာ ၂ ရက်က လက်မှတ်ရေးထိုးခဲ့ကြောင်း အိုမန်သတင်းဌာန တစ်ခုဖြစ်သည့် Oman News Agency ၏ တွစ်တာအကောင့်တွင် ဖော်ပြထားသည်။

            အဆိုပါသဘောတူညီမှုသည် မြန်မာနိုင်ငံနှင့်အိုမန်နိုင်ငံအကြား လေကြောင်းဆက်သွယ်မှုကို ဖြန့်ကြက်နိုင်ရန်နှင့် နှစ်နိုင်ငံလေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းသစ်များဖန်တီးနိုင်ရန်ဖြစ်သည်။

            ယင်းသဘောတူစာချုပ်ကို မြန်မာ့ လေကြောင်းညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်နှင့် အိုမန်လေကြောင်းအာဏာပိုင်အဖွဲ့မှ ဥက္ကဋ္ဌဖြစ်သူ Eng Naif bin Ali Al Abri တို့ လက်မှတ် ရေးထိုးခဲ့ကြသည်။ ထိုစာချုပ်တွင် အပိုဒ်ရေ ၂၆ ပိုဒ်နှင့် နှစ်နိုင်ငံကြား လေယာဉ်ခရီးစဉ်များ အသေးစိတ် ပါဝင်သော နောက်ဆက်တွဲတို့ ပါဝင်သည်။ ၎င်းသည် လေကြောင်းပို့ဆောင်ရေး ဝန်ဆောင်မှုနှင့်ဆက်စပ်သည့် စီးပွားရေး၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အချက်အလက်များကို ဖြေရှင်းထားသည်။

            ထို့ပြင်အဆိုပါသဘောတူစာချုပ်သည် ခရီးသည်တင်လေယာဉ်နှင့် ကုန်ပစ္စည်းတင်လေယာဉ်များ ချောမွေ့စွာ လည်ပတ်နိုင်ရန် သတ်မှတ်ထားသော လေကြောင်းလိုင်းများအတွက် လိုအပ်သော လုပ်ငန်းစဉ် မူဘောင်များကို ရေးဆွဲချမှတ်ပေးထားသည့်အပြင် ပူးတွဲပြေးဆွဲသည့် လေကြောင်းခရီးစဉ်များတွင် ကုဒ်မျှဝေ ၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုလည်း ဖော်ဆောင်ပေးထားသည်။

            အဆိုပါသဘောတူစာချုပ်သည် မြန်မာနိုင်ငံနှင့် အိုမန်နိုင်ငံအကြား လေကြောင်းပို့ဆောင်ရေးကဏ္ဍ တွင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းလာစေရန်အတွက် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်သည်။ အိုမန်နိုင်ငံသည် နိုင်ငံပေါင်း ၁၃၅ နိုင်ငံနှင့် နှစ်နိုင်ငံလေကြောင်းပို့ဆောင်ရေးသဘောတူစာချုပ်များ ချုပ်ဆို ခဲ့ပြီးဖြစ်သည်။

 

ကိုးကား- GNLM

ဘာသာပြန်- MDN

မူရင်းသတင်း — Myanmar Digital News