Myanmar Digital News

M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် ရန်ကုန်စီးတီးအသင်း နိုင်ပွဲရပြီး သစ္စာအားမာန်နှင့် Chinland အသင်း သရေကျ

ရန်ကုန်      နိုဝင်ဘာ    ၃

၂၀၂၆  M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် ၂၂ ဒုတိယနေ့ကို နိုဝင်ဘာ ၃ ရက်က  ဆက်လက်ကျင်းပရာ   ရန်ကုန်စီးတီးအသင်း နိုင်ပွဲရပြီး သစ္စာအားမာန်နှင့် Chinland အသင်း သရေကျခဲ့သည်။

သန်လျင်သီဟဒီပကွင်း၌ကျင်းပသည့်ပွဲတွင် ရန်ကုန်စီးတီးအသင်းက ရှမ်းယူနိုက်တက်အသင်းကို  နှစ်ဂိုး - တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ထိပ်ဆုံးငါးသင်းစာရင်းဝင်ရန် အရေးပါသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း အရေးနိမ့်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်စီးတီးအသင်းမှာမူ မျှော်လင့်ချက်ရှိလာခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ရန်ကုန်စီးတီးအသင်းထက် တစ်မှတ်သာနေသော်လည်း တစ်ပွဲပိုကစားထားသဖြင့် လက်ကျန်ပွဲများတွင် ရုန်းကန်ရမည်ဖြစ်သည်။ 

ရန်ကုန်စီးတီးအသင်းသည် ရှမ်းယူနိုက်တက်အသင်းကို နှစ်ကျော့စလုံး အနိုင်ကစားခဲ့ခြင်းဖြစ်သည်။ ၆၁ မိနစ်တွင် ထွန်းလင်းအောင်က ရန်ကုန် စီးတီးအသင်းအတွက်   ဦးဆောင်ဂိုးသွင်းယူသော်လည်း ၈၁ မိနစ်တွင် မျိုးမင်းခန့်က ရှမ်းယူနိုက်တက်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။ ရန်ကုန်စီးတီးအသင်းအတွက် အနိုင်ဂိုးကို ၉၀+၁ မိနစ်တွင် ထက်အာကာဝင်း က သွင်းယူခဲ့သည်။

တောင်ဒဂုံကွင်း၌ ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းနှင့် Chinland အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ အမှတ်ပေးဇယားအောက်ဆုံးမှ Chinland အသင်းအတွက် တတိယမြောက် ရမှတ်ရယူနိုင်သည့်ပွဲဖြစ်ပြီး သစ္စာအားမာန်အသင်းမှာမူ ယခုသရေပွဲကြောင့် ထိပ်ဆုံးခုနစ်သင်းအတွင်း ဝင်ရန် ရုန်းကန်ရတော့မည်ဖြစ်သည်။

ပွဲစဉ် (၂၂) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၄ ရက်တွင် ဗဟန်းကွင်း၌ ဆက်လက် ကျင်းပမည်ဖြစ်ပြီး Falcon အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-M-League

မူရင်းသတင်း — Myanmar Digital News