NP News

မြန်မာ နှင့် အိုမန်အကြား လေကြောင်းဝန်ဆောင်မှု သဘောတူစာချုပ် လက်မှတ်ရေးထိုး

ALynn (NP News)- နိုဝင်ဘာ ၃
မြန်မာနှင့် အိုမန်နိုင်ငံတို့အကြား လေကြောင်းပို့ဆောင်ရေးလုပ်ငန်းများ စနစ်တကျ ရှိစေရန်နှင့် မြို့ပြလေကြောင်းကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ရည်ရွယ်၍ လေကြောင်းဝန်ဆောင်မှု သဘောတူစာချုပ်ကို နိုဝင်ဘာလ (၂) ရက်တွင် လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သဘောတူစာချုပ်သည် လေကြောင်းကွန်ရက် ချိတ်ဆက်မှုများကို တိုးချဲ့နိုင်ရေးနှင့် လေကြောင်းပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။
စာချုပ်ကို အိုမန်နိုင်ငံ မြို့ပြလေကြောင်းအာဏာပိုင်အဖွဲ့ (CAA) ဥက္ကဋ္ဌ Eng. Naif bin Ali Al Abri နှင့် မြန်မာနိုင်ငံ မြို့ပြလေကြောင်းညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဇော်တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စာချုပ်တွင် အပိုဒ်ပေါင်း (၂၆) ပိုဒ်နှင့် နှစ်နိုင်ငံအကြား လေကြောင်းပျံသန်းမှု လမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲ စာချုပ်တစ်ခု ပါဝင်သည်။ ယင်း၌ စီးပွားရေး၊ စည်းမျဉ်းဥပဒေနှင့် လုပ်ငန်းစဉ်ဆိုင်ရာ ကဏ္ဍမျိုးစုံကို လွှမ်းခြုံထားပြီး နှစ်နိုင်ငံမှ သတ်မှတ်ထားသော လေကြောင်းလိုင်းများအနေဖြင့် သဘောတူညီထားသည့် စည်းမျဉ်းများအတိုင်း ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လေကြောင်းလိုင်းများ ပြေးဆွဲခွင့် ပါဝင်သည်။
ထို့ပြင် လေကြောင်းလိုင်းများအကြား ပူးတွဲပျံသန်းမှု ခွင့်ပြုချက်များကိုပါ ကျယ်ကျယ်ပြန့်ပြန့် ရရှိစေမည်ဖြစ်သဖြင့် ခရီးသွားများအတွက် ခရီးစဉ်ရွေးချယ်ခွင့် ပိုမိုများပြားလာမည်ဖြစ်ကာ လုပ်ငန်းဆောင်ရွက်ချက် ထိရောက်မှုနှင့် လေကြောင်းလိုင်းများအကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကိုပါ ပိုမိုဖော်ဆောင်နိုင်မည်ဖြစ်သည်။
ယခုစာချုပ်သည် အိုမန်နှင့် မြန်မာ နှစ်နိုင်ငံအကြား မြို့ပြလေကြောင်းကဏ္ဍ ဆက်ဆံရေးကို ပိုမိုခိုင်မာစေမည့် အရေးပါသော ခြေလှမ်းတစ်ခုဖြစ်ပြီး လေကြောင်းပို့ဆောင်ရေး အခွင့်အရေးများကို ထိန်းချုပ်သည့် ဥပဒေနှင့် စည်းမျဉ်းဆိုင်ရာ မူဘောင်များကို ဖန်တီးပေးကာ နှစ်ဖက်စလုံးအတွက် ရရှိနိုင်မည့် အခွင့်အလမ်းများကို အဓိက အသုံးချနိုင်မည် ဖြစ်သည်။
အိုမန်နိုင်ငံသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း (၁၃၅) နိုင်ငံနှင့် လေကြောင်းပို့ဆောင်ရေး သဘောတူစာချုပ်များ ချုပ်ဆိုထားပြီး လေကြောင်းကွန်ရက်ကို စဉ်ဆက်မပြတ် တိုးချဲ့လျက်ရှိရာ ယခုလက်မှတ်ရေးထိုးလိုက်သည့် သဘောတူညီချက်မှတစ်ဆင့် မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းများ ပေါ်ထွက်လာနိုင်မည်ဖြစ်သည်။

မူရင်းသတင်း — NP News