NP News

မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှတစ်ဆင့် မြေရှားသတ္တု ရရှိရေး အမေရိကန် နည်းဗျူဟာရေးဆွဲ ဆောင်ရွက်နေဟုဆို

ALynn (NP News)- နိုဝင်ဘာ ၃
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံတွင် သံတမန်ရေးရာ ငြိမ်းချမ်းရေး ဖော်ဆောင်မှုများကို အသုံးပြု၍ ဒေသတွင်း လွှမ်းမိုးမှု တိုးမြှင့်ရန်နှင့် မြေရှားသတ္တု သယံဇာတများကို ရယူနိုင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်နှင့် ရိုက်တာသတင်းဌာန၏ ဖော်ပြချက်များအရ သိရသည်။
ပြီးခဲ့သည့်လအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထိပ်တန်းထောက်လှမ်းရေးအရာရှိ မိုက်ကယ်ဗန့်စ် ပါဝင်သော အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာအစိုးရအဖွဲ့တို့အကြား လျှို့ဝှက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲများတွင် ပဋိပက္ခဒေသများ၌ အများစုထွက်ရှိပြီး လက်ရှိတွင် တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေသည့် မြေရှားသတ္တုများ ရရှိနိုင်ရေး ကိစ္စရပ်များကို ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ် (၃၁) ရက်တွင် အတည်ပြုပြီး အောက်တိုဘာ (၁၆) ရက်တွင် ထုတ်ပြန်ခဲ့သည့် ဘက်စုံ ပေါင်းစပ်နိုင်ငံခြားရေး နည်းဗျူဟာ စာတမ်း၌ မြန်မာအစိုးရကို နှစ်ပေါင်းများစွာ တိုက်ခိုက်နေသည့် အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှတစ်ဆင့် အမေရိကန်ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း မည်သို့ ခြေကုပ်ယူမည်ဆိုသည်ကို ဖော်ပြထားသည်။
အဆိုပါ နည်းဗျူဟာအရ (၂၀၃၀) ပြည့်နှစ် ကုန်ပိုင်းတွင် ကျင်းပမည့် မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် ပြင်ဆင်ရန်၊ ဒေသတွင်း အခြားနိုင်ငံများထက် အမေရိကန်၏ လွှမ်းမိုးမှုကို တိုးမြှင့်ရန်နှင့် အမေရိကန် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနိုင်မည့် ပတ်ဝန်းကျင်ကောင်းတစ်ခု ဖန်တီးနိုင်ရန်အတွက် မြန်မာအစိုးရနှင့် ဒေသဆိုင်ရာ အတိုက်အခံ အဖွဲ့အစည်းများအကြား သဘောထားကွဲလွဲမှုများကို လျှော့ချပေးရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် နယ်နိမိတ် ပိုင်းခြားမှုတို့ကို တိုးမြှင့်ဖော်ဆောင်နိုင်မည့် အစုအဖွဲ့စုံပါ ဆွေးနွေးပွဲ အနည်းဆုံး (၃) ခုကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ယင်းမှတစ်ဆင့် မြေရှားသယံဇာတ ရယူနိုင်မည့် အခွင့်အလမ်းများ ဖန်တီးခြင်းနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို နှိမ်နင်းခြင်းတို့ ဆောင်ရွက်သွားမည်ဟု ဆိုသည်။
သို့သော် ယင်းစာတမ်းတွင် ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားပေးမည် မပေးမည်ကိုမူ အသေးစိတ် ဖော်ပြထားခြင်း မရှိပေ။
နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “အမေရိကန်ရဲ့ အဓိက ဦးစားပေး ကိစ္စရပ်တွေဖြစ်တဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းရေး၊ အမေရိကန် စီးပွားရေး လုပ်ငန်းတွေအတွက် ပြည်တွင်း လုပ်ကိုင်ခွင့် ပတ်ဝန်းကျင် ကောင်းမွန်ရေးနဲ့ နိုင်ငံတည်ငြိမ်စေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေမှာ တိုးတက်မှုရရှိအောင် တိုက်တွန်းရင်း ပဋိပက္ခမှာ ပါဝင်နေတဲ့ အစုအဖွဲ့ အားလုံးနဲ့ ဆွေးနွေးပွဲတွေကို ကြိုဆိုတဲ့ မူဝါဒကို အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။
အမေရိကန်သည် မြန်မာစစ်တပ်နှင့် ဆက်နွှယ်သည့် စီးပွားရေးလုပ်ငန်းများအပေါ် ဘဏ္ဍာရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများ ဆက်လက်ထားရှိသော်လည်း တရားဝင်ပြီး တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းများကို မြင်တွေ့လိုကြောင်း ပြောဆိုထားပြီး မကြာသေးမီက ထရမ့်အစိုးရအဖွဲ့သည် မြန်မာနိုင်ငံသား အချို့နှင့် ကုမ္ပဏီအချို့ကို ပိတ်ဆို့အရေးယူမှု စာရင်းမှ ဖယ်ရှားပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန် သံရုံးအနေဖြင့် ဝါရှင်တန်၏ ကုန်သွယ်ရေး လိုငွေပြမှုကို လျှော့ချရန် အမေရိကန် ပို့ကုန်များ တိုးမြှင့်ရေး၊ အမေရိကန် ကုမ္ပဏီများအတွက် အနည်းဆုံး ဒေါ်လာ (၅) သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် အနည်းဆုံး (၃) ခု ရရှိရေးတို့အပြင် အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထားသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်းများ တိုက်ဖျက်ရေးနှင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားများကို ပြန်လည်ပို့ဆောင်ရေး ပူးပေါင်းဆောင်ရွက်မှုများ အရှိန်မြှင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မူရင်းသတင်း — NP News