NP News

မူးယစ်ဆေးဝါးသုံးစွဲကာ ထိုင်းအမျိုးသမီးတစ်ဦးကို လည်ပင်းညှစ်သတ်ခဲ့သည့် မြန်မာနိုင်ငံသား ဖမ်းဆီးထိန်းသိမ်းခံရ

စော(NP News)- နိုဝင်ဘာ ၃
မူးယစ်ဆေးဝါးသုံးစွဲကာ အသက်(၂၀)နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးကို လည်ပင်းညှစ်သတ်ခဲ့သည်ဟု စွပ်စွဲခံထားရသော မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။
ထို့ပြင် အဆိုပါမြန်မာနိုင်ငံသားကို နိုဝင်ဘာလ (၂)ရက်တွင် ထိုင်းရဲတပ်ဖွဲ့က ဒင်ဒန်းရဲစခန်းမှတဆင့် တရားရုံးသို့ ပို့ဆောင်စဉ်အချိန်အတွင်း သေဆုံးသူ၏ မိသားစုဝင်များက ယင်းအမျိုးသားကို တိုက်ခိုက်ရန် ကြိုးစားခဲ့ကြောင်း ထိုင်းသတင်းများတွင် ရေးသားဖော်ပြထားသည်။
အသက်(၂၃)နှစ်အရွယ် သံသယရှိသူ မြန်မာနိုင်ငံသား ဘီကို တရားစီရင်ရန်အတွက် တရားရုံးသို့ပို့ဆောင်ချိန်အတွင်း အဆိုပါဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။
ယင်းဖြစ်စဉ်အတွင်း ထိုင်းရဲတပ်ဖွဲ့က မြန်မာနိုင်ငံသားဖြစ်သောဘီကို လူအုပ်ကြီး၏တိုက်ခိုက်ခံရမှုမှ ကာကွယ်ပေးခဲ့ပြီး အချုပ်ကားထဲသို့ထည့်ကာ တရားရုံးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
ဘီသည် ယာဘ ဟုလူသိများသော မက်သာဖက်တမင်းကို သုံးစွဲထားမှုနှင့် ရည်ရွယ်ချက်ရှိရှိလူသတ်မှုတို့အတွက် စွဲချက်တင်ခံထားရပြီး ၎င်းကိုအာမခံဖြင့်ပြန်လွှတ်ပေးခြင်းမျိုးအား စုံစမ်းစစ်ဆေးသူများက ကန့်ကွက်ထားကြောင်းလည်းသိရသည်။
အသက်(၂၀)နှစ်အရွယ် ထိုင်းအမျိုးသမီးချူတီကန်ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဒင်ဒန်းခရိုင်ရှိ ၎င်း၏နေအိမ်အတွင်း သေဆုံးနေသည့် အနေအထားဖြင့်တွေ့ရှိခဲ့ပြီးနောက် ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ အဆိုပါဖြစ်စဉ်ပေါ်ပေါက်လာခဲ့ခြင်းလည်းဖြစ်သည်။
ထို့နောက် ထိုင်းရဲတပ်ဖွဲ့က ရှာဖွေစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ မြန်မာနိုင်ငံသားဘီကို အယုဒ္ဓယပြည်နယ်၊ ဘန်ပါအင်ခရိုင်ရှိ ဆီဆိုင်တစ်ခုတွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။
ရဲတပ်ဖွဲ့၏ပြောကြားချက်အရ စစ်ဆေးမေးမြန်းမှုအတွင်း ဘီကမူးယစ်ဆေးဝါးသုံးစွဲထားကြောင်း ဝန်ခံခဲ့သော်လည်း လည်ပင်းညှစ်သတ်မှုဖြစ်ပွားသည့်အချိန်တွင် ၎င်း၌အသိစိတ်ကပ်နေခြင်းမျိုးမရှိခဲ့ဟု ဝန်ခံခဲ့ကြောင်းလည်းသိရသည်။
ဘီက ၎င်းသည် မူးယစ်ဆေးဝါးသုံးစွဲခဲ့ပြီးနောက် ချူတီကန်၏နေအိမ်အတွင်းသို့ဝင်ရောက်ကာ ပုန်းအောင်းနေခဲ့သော်လည်း အပြင်မှပြန်လာသည့် ချူတီကန်က ၎င်းကိုတွေ့ရှိခဲ့ပြီးနောက် ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့ကာ လည်ပင်းညှစ်သတ်မိခဲ့ခြင်းဖြစ်သည်ဟု ဝန်ခံခဲ့ကြောင်းလည်းသိရသည်။

မူရင်းသတင်း — NP News