
ထိုက်စံ(NP News)-နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် လုပ်ငန်း(၄)ခုအား PDF အဖွဲ့မှ ဝင်ရောက်၍ ငွေကျပ်သိန်း(၈၀၀)ယူဆောင်သွားသည့်အပြင် ဒုမန်နေဂျာ(၁)ဦးအား အကြမ်းဖက်ပြန်ပေးဆွဲသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
ပြီးခဲ့သည့်သီးတင်းကျွတ်လပြည့်နေ့ ည(၂)နာရီကျော်တွင် မင်းဘူးမြို့၊ ပုဒေါင်းကျေးရွာရှိ စိန်စီလင်း ကျောက်မီးသွေး ကုမ္ပဏီသို့ PDF အဖွဲ့မှ လက်နက်ကိုင်ဆောင်၍ လူအင်အား(၁၀)ယောက်ဖြင့် အကြမ်းဖက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။
“အဲဒီဘက်ကိုကျ ညဘယ်လိုများ(၂)ရီလောက်ကြီး ဝင်လာလဲ မသိဘူး။ ကျောက်မီးသွေး ကုမ္ပဏီပိုင်ရှင်က ကိုစိန်လင်းတဲ့။ သူက မင်းဘူးမှာ အဲဒီနေ့ကထိန်ခင်းတယ်လေ။ ကထိန်ခင်းတဲ့ နေရာကို လူတွေက သွားလှူကြတာလေ။ အဲဒီညဝင်တွယ်တာ။ ဒုမန်နေဂျာက ကုမ္ပဏီကို စိတ်မချလို့ဆိုပြီး ပြန်လိုက်တာ။ သူအဖမ်းခံရတာပဲ”ဟု ၎င်းကပြောသည်။
PDF အဖွဲ့သည် အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး အဆိုပါ ကုမ္ပဏီရှိ ငွေကျပ်သိန်း(၈၀၀)ကိုယူဆောင်သွားသည့်အပြင် ဒုမန်နေဂျာတစ်ဦးအား ပြန်ပေးဆွဲဖမ်းဆီးသွားပြီး ကျန်လုပ်ငန်း(၃)ခုအနက် ဆိုင်ကယ်(၃)စီး ယူဆောင်သွားကြောင်း သိရသည်။
“လပြည့်နေ့မှာဖြစ်တာ။ ဈေးဆိုင်တစ်ဆိုင်ကလို့ပြောတာပဲ သိန်း(၈၀၀)မသွားတယ်လို့ပြောတယ်။ ကျောက်မီးသွေးကုမ္ပဏီလို့ပြောတယ်။မန်နေဂျာတစ်ယောက်ပါသွားတယ်လို့ ပြောတယ်။ လုပ်ငန်း(၄)ခုပေါ့။ တခြားလုပ်ငန်းတွေကတော့ ဆိုင်ကယ်(၃)စီးပါသွားတယ်လို့ ကြားတယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့် ဒုမန်နေဂျာအား ပြန်လွှတ်ပေးခြင်းမရှိသေးဘဲ PDF အဖွဲ့မှ ပြန်ပေးဆွဲငွေတောင်းရန် ဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
“မန်နေဂျာကို ဖမ်းသွားတာတော့ အခုအတိုင်းကတော့ ငွေတောင်းမယ်နဲ့ တူတယ်။ အဲဒီလိုပြောကြတယ်။ ပြန်ပေးဆွဲတဲ့ သဘောပေါ့။ အခုထိပြန်လွှတ်ပေးတာမရှိသေးဘူး”ဟု ၎င်းကပြောသည်။