
ထိုက်စံ(NP News)-နိုဝင်ဘာ ၃
မလေးရှားရှိ ထိန်းသိမ်းရေးစခန်းတစ်ခုမှ မြန်မာနိုင်ငံသား(၄၀)ဦးကို မနက်ဖြန် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ ယနေ့(နိုဝင်ဘာ ၃ ရက်)တွင် ထုတ်ပြန်ထားချက်အရ သိရသည်။
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ တာဝန်ယူ၍ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း Belantik Camp မှ မြန်မာနိုင်ငံသား(၄၀) ဦးကို လာမည့်(နိုဝင်ဘာ ၄ ရက်)တွင် မြန်မာ့ လေကြောင်းအမှတ်စဉ်၊ 8M-502 ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပို့ဆောင်မည့် မြန်မာနိုင်ငံသားများ၏ စာရင်းအား သက်ဆိုင်သူ မိသားစုဝင်များ သိရှိနိုင်ရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ လူမှုကွန်ရက် ဖေ့ဘုတ်စာမျက်နှာတွင် ဖော်ပြထားကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ထိန်းသိမ်းရေးစခန်းများရှိ မြန်မာနိုင်ငံသားများကိစ္စကို သက်ဆိုင်ရာ မိသားစုဝင်များထံသို့ တာဝန်ရှိသူ မဟုတ်သောသူများက ငွေကြေး လိမ်လည်တောင်းခံသည့် ဖြစ်စဉ်များအား ကာယကံ ရှင်များထံမှ ပြန်လည်သိရှိရသဖြင့် သက်ဆိုင်ရာ မိသားစုဝင်များနှင့် နီးစပ်ရာ အသိုက်အဝန်း များအနေဖြင့် သတိထား ဆောင်ရွက်နိုင်ရန် အသိပေးထုတ်ပြန်ထားသည်။