
ထိုက်စံ(NP News)-နိုဝင်ဘာ ၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားတွင် တည်ဆောက်နေသော တိရစ္ဆာန်အစာစပ်စက်ရုံနှင့် ကြက်သားဖောက်စက်ရုံ ပြီးစီးပါက လမ်းခရီးအခက်အခဲကြောင့် ကြက်သားပေါက်သယ်ယူခြင်းနှင့် တိရစ္ဆာန်အစာဝယ်ယူခြင်းကို ကျော်လွှားနိုင်မည် ဖြစ်ကြောင်း ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ထုတ်ပြန်ထားသော အချက်အလက်များအရ သိရသည်။
ကချင်ပြည်နယ်အတွင်း သား၊ ငါးနှင့် ဥစားသုံးမှု လုံလောက်ဖူလုံစေရေး၊ ကုန်ဈေးနှုန်း တည်ငြိမ်မှုစေရေးအတွက် ပထမဆုံးသော တစ်နာရီ (၅) တန်ကျ တိရစ္ဆာန်အစာတောင့် စက်ရုံနှင့် တစ်လလျှင် ကြက်သားပေါက် ကောင်ရေ နှစ်သိန်းထုတ်လုပ်ပေးနိုင်မည့် ဥဖောက်စက်ရုံများကို မြစ်ကြီးနားမြို့ ရွှေပြည်သာရပ်ကွက်အတွင်း တည်ဆောက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စက်ရုံများကို ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အားပေးကူညီမှုဖြင့် KT ကုမ္ပဏီက ရွှေပြည်သာရပ်ကွက် လီဆူကွင်းအတွင်း မြေဧရိယာ (၂ ဒဿမ ၅၀) ဧကပေါ်တွင် တည်ဆောက်နေခြင်းဖြစ်ပြီး စက်ရုံများတည် ဆောက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်တူ ပြီးခဲ့သည့် အောက်တိုဘာ (၃၁)ရက် မွန်းလွဲပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ရုံများ တည်ဆောက်ပြီးစီးပါက အစာစပ်စက်ရုံအနေဖြင့် ကြက်၊ နွားနှင့် ငါး စသည့် တိရစ္ဆာန်အစာတောင့် တစ်နာရီလျှင် (၅) တန်ဖြင့် တစ်ရက်အလုပ်ချိန် (၈) နာရီအတွက် တန် (၄၀) ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး တိရစ္ဆာန်အစာမှုန့်ကို တစ်နာရီလျှင် (၁၀) တန်ဖြင့် တစ်ရက် အလုပ်ချိန် (၈) နာရီအတွက် တန် (၈၀) ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ပြင် ကြက်သားဖောက်စက်ရုံ တည်ဆောက်ပြီးစီးပါက ကနဦးအနေဖြင့် မန္တလေးနှင့် စစ်ကိုင်းမှ မျိုးကြက်ဥများကို သယ်ဆောင် ၍ တစ်လလျှင် ကြက်သားပေါက်ကောင်ရေ ရှစ်သောင်း နီးပါးထုတ်လုပ်နိုင်မည်ဖြစ်ကာ မော်ဖောင်းကျေးရွာအတွင်း မျိုးကြက်ခြံတည်ဆောက်ပြီးပါက ကိုယ်ပိုင်မျိုးကြက်ခြံမှတစ်ဆင့် ကြက်ဥများဖြင့် ဖောက်လုပ်ပါက တစ်လလျှင် ကြက်သားပေါက် နှစ်သိန်းကျော်ထုတ်လုပ်လာနိုင်မည်ဖြစ်သည့်အတွက် ဒေသတွင်း မွေးမြူရေးလုပ် ငန်းရှင်များအနေဖြင့် လမ်းခရီးအခက်အခဲကြောင့် ကြက်သားပေါက်သယ်ယူခြင်းနှင့် တိရစ္ဆာန်အစာဝယ်ယူခြင်းကို ကျော်လွှားနိုင်မည်ဖြစ်ကြောင်း သိရသည်။