NP News

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လူ(၁၀)ဦးလိုက်ပါလာသည့် Light Truck ယာဉ် အရှိန်လွန်၍ တိမ်းမှောက်

ထိုက်စံ(NP News)-နိုဝင်ဘာ ၃
ရန်ကုန်-မန္တလေး အမြန်လမ်းတွင် လူ(၁၀)ဦးလိုက်ပါလာသည့် Light Truck ယာဉ် အရှိန်လွန်၍ တိမ်းမှောက်ခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(နိုဝင်ဘာ ၃ ရက်)၊ နံနက်(၉)နာရီခန့်က ရန်ကုန်- မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ် (၁၂)မိုင် (၂)ဖာလုံနှင့် (၃)ဖာလုံကြားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်မှ နေပြည်တော်သို မောင်းနှင်းလာသော ယာဉ်မောင်းပါ အမျိုးသား(၁၀)ဦးလိုက်ပါလာသည့် LIGHT TRUCK ယာဉ်တွင် အခင်းဖြစ်မိုင်တိုင်အရောက်တွင် ရှေ့မှမောင်းနှင်းနေသောယာဉ်အား ကျော်တက်ခဲ့ရာ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် လမ်းလယ်‌ကျွန်းပေါ်မှတဆင့် နေပြည်တော်မှ ရန်ကုန် ဘက်သို့ သွားသော လမ်းပေါ်သို့ ရောက်ရှိပြီးတိမ်းမှောက်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါသူများမှာ ထိခိုက်ဒဏ်ရာအနည်းငယ် ရရှိခဲ့သော်လည်း ပုံတွင် တွေရှိချက်အရ တစ်ဖက်ယာဉ်သွားလမ်းကြောပေါ်သို့ ရောက်ရှိကာ စောင်းနေသည့် အနေအထားဖြင့်တိမ်းမှောက်နေသည်ကိုတွေ့ရှိရသည်။
အလားတူ ယနေ့ နံနက်(၈)နာရီခန့်တွင် ရန်ကုန်- မန္တလေးအမြန်လမ်းမိုင်တိုင်အမှတ်(၂၄၇)မိုင်(၇)ဖာလုံနှင့် (၂၄၈)မိုင်အကြား ရန်ကုန်မှမန္တ‌လေးသို့မောင်းနှင်းလာသော ယာဉ်မောင်းအမျိုးသား(၁)ဦး အပါ အမျိုးသမီး (၃)ဦးလိုက်ပါလာသည့် ယာဉ်တစ်စီးမှ ရှေ့ဘီးပေါက်ကာ လမ်းလယ်ကျွန်းရှိ အရိပ်ရအပင်အား တိုက်မိသည့် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မူရင်းသတင်း — NP News