Myanmar Digital News

ဖိလစ်ပိုင်နိုင်ငံရှိရေနံကုမ္ပဏီများတွင်  ဓာတ်ဆီဈေးနှုန်းများ မြှင့်တင်

နိုဝင်ဘာ ၃

ဖိလစ်ပိုင်နိုင်ငံရှိ ရေနံကုမ္ပဏီများသည် ယနေ့တွင် ဓာတ်ဆီဈေးနှုန်းများကို မြှင့်တင်ခဲ့ပြီး ဒီဇယ်နှင့် ရေနံဆီဈေးနှုန်းများကို လျှော့ချခဲ့ကြသည်ဟု ဒေသခံမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

Shell၊ Seaoil၊ PetroGazz နှင့် Jetti Petroleum ကုမ္ပဏီတို့သည် ဓာတ်ဆီဈေးနှုန်းများကို တစ်လီတာလျှင် ပီဆို ၃ ဒသမ ၅၀ တိုးမြှင့်ခဲ့ပြီး ဒီဇယ်ဈေးနှုန်းများကို တစ်လီတာလျှင် ပီဆို ၁ လျှော့ချခဲ့ကြောင်း၊ Shell နှင့် Seaoil တို့သည်လည်း ရေနံဆီဈေးနှုန်းများကို တစ်လီတာလျှင် ပီဆို ၁ ဒသမ ၉၀ လျှော့ချခဲ့ကြောင်း ဒေသခံမီဒီယာ The Manila Times က ဖော်ပြထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဓာတ်ဆီဈေးနှုန်း တစ်လီတာလျှင် ၀ ဒသမ ၃၀ ပီဆို ကျဆင်းခဲ့သော်လည်း ဒီဇယ်ဆီနှင့် ရေနံဆီဈေးနှုန်း တစ်လီတာလျှင် ၁ ဒသမ ၂၀ ပီဆိုနှင့် ၀ ဒသမ ၅၀ ပီဆိုစီ အသီးသီး မြင့်တက်ခဲ့ကြောင်း အစီရင်ခံစာတွင်ဖော်ပြထားသည်။ ယခုဈေးနှုန်းပြင်ဆင်မှုများသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖြစ်ပေါ်ခဲ့သော ဈေးနှုန်းအပြောင်းအလဲများ၏ နောက်ဆက်တွဲဖြစ်သည်။

 

ဖိလစ်ပိုင်နိုင်ငံတွင် ပြည်တွင်းရေနံထုတ်လုပ်မှုနှင့် ရေနံချက်လုပ်နိုင်စွမ်း အကန့်အသတ်ရှိသဖြင့် နှစ်စဉ်စွမ်းအင်လိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းမှုအပေါ် အဓိကမှီခိုနေရပြီး ပြည်တွင်း ရေနံဈေးနှုန်းများသည် နိုင်ငံတကာဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်းအတက်အကျများ၏ သက်ရောက်မှုကို အလွယ်တကူ ခံစားရလေ့ရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

မူရင်းသတင်း — Myanmar Digital News